အမေရိကန်က လမ်းလွဲလိုက်နေဟု ထိပ်တန်းကူးစက်ရောဂါပညာရှင် ပြော

အမေရိကန်က လမ်းလွဲလိုက်နေဟု ထိပ်တန်းကူးစက်ရောဂါပညာရှင် ပြော

ဇူလိုင် ၁

အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေလျက်ပင် အတော်ကို လမ်းလွဲလိုက်နေသည်ဟု အစိုးရ ထိပ်တန်း ကူးစက်ရောဂါပညာရှင်ဒေါက်တာ ဖော့စီက လွှတ်တော်အမတ်များအား ပြောသည်။

“ကျွန်တော် အတော်လေး စိုးရိမ်ပူပန်မိပါတယ်။”ဟု ဆီးနိတ်လွှတ်တော် ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားရေးနှင့် ပင်စင်ရေးရာ ကော်မတီ၏ ကြားနာမှု၌ ၎င်းက ပြောသည်။

အချို့သော ပြည်နယ်ဒေသများတွင် စာသင်ကျောင်းနှင့် ကောလိပ်များ မည်သို့ ဘေးကင်းစွာ ဖွင့်မည်ဆိုသည်ကို လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအား ဘေးအန္တရာယ်သို့ တွန်းပို့နေသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံအတွင်း၌ တစ်နေ့တည်း ကူးစက်ဖြစ်ပွားသူ လေးသောင်းနီးပါး ရှိခဲ့ချိန်လည်း ဖြစ်ကာ ဒေါက်တာဖော့စီက တစ်နေ့ လူ တစ်သိန်း ကူးစက်လာလျှင်လည်း သူအနေဖြင့် အံ့ဩလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။

နိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကူးစက်မှုများ လစဉ်မြင့်တက်လျက် ရှိနေရာ ဖော့စီနှင့် အခြားသော ပြည်သူ့ကျန်းမာရေးပညာရှင်များက အမေရိကန်ပြည်သူများအနေဖြင့် ကျောင်းတက်ခြင်းတို့ကဲ့သို့ ပုံမှန်ဘဝကို ပြန်လည် ရလိုပါက အဓိက အကြံပြုချက်များကို စပြီး လိုက်နာကြရမည်ဖြစ်ကြောင်း ပြောကြသည်။

“ကျွန်တော်တို့ အားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြမှ ဖြစ်မယ်ဆိုတာကို သတင်းစကားပါးလိုပါတယ်။”ဟု အမျိုးသား ကျန်းမာရေး သက်မွေးသိပ္ပံမှ ကူးစက်ရောဂါပညာရှင် အကြီးအကဲဖြစ်သူ ဒေါက်တာဖော့စီက ပြောရင်း အများပြည်သူ နေရာများ၌ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူအုပ်စု ရှောင်ခြင်းများကို လိုက်နာရန် တိုက်တွန်းသည်။

စာသင်ကျောင်းများ မည်သည်အချိန်၌ မည်သို့ ဖွင့်လှစ်မည်ဆိုသည်က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အခြေအနေပေါ် မှီတည်နေသည်ဟု ၎င်းက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကလေးတွေကို ကျောင်းပြန်တက်နိုင်အောင် လုပ်ပေးနိုင်ဖို့ လိုတယ်ဆိုတာ ကျွန်တော် လိုလိုလားလား ရှိပါတယ်။”ဟု ဖော့စီက ပြောသည်။

စာသင်ကျောင်းများအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးရန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာက စီစဉ်လျက် ရှိသည်ဟု ညွှန်ကြားရေးမှူးဖြစ်သူ ရောဘတ်ရက်ဒ်ဖေးက ပြောခဲ့သည်။

အမေရိကန်နိုင်ငံတွင် လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၂၇၀၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၃၀၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly