ကန့်သတ်ချက်အချို့ဖြေလျော့လိုက်ချိန် ပြည်သူတွေပေါ့ဆလာသည့်အပေါ် စိုးရိမ်ကြောင်း အတိုင်ပင်ခံပြော

ကန့်သတ်ချက်အချို့ဖြေလျော့လိုက်ချိန် ပြည်သူတွေပေါ့ဆလာသည့်အပေါ် စိုးရိမ်ကြောင်း အတိုင်ပင်ခံပြော

ဇွန် ၃၀

COVID-19 ဖြစ်ပွားမှုပုံစံက အများအားဖြင့် ရောဂါလက္ခဏာမပြသဖြင့် အစိုးရက ကန့်သတ်မှုအချို့ကို ဖြေလျှော့လိုက်ချိန်  ပေါ့ဆလာသောကြောင့် စိုးရိမ်မိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့ ဒီနေ့တွေ့ဆုံပွဲက အဓိကအားဖြင့်တော့ ကိုဗစ်နဲ့ ပတ်သက်လို့ ပြည်သူတွေ မပေါ့လာအောင်ပေါ့နော်။ အခုဆိုရင်စပြီးတော့ စည်းမျဉ်းစည်းကမ်းသတ်မှတ်တာက သုံးလကျော်သွားပြီ။ အဲ့တော့ လူတွေက နည်းနည်းငြီးငွေ့လာတာလည်း ရှိတယ်။  ပေါ့လာတာလည်း ရှိတယ်။ ဒီလောက်လည်း မဆိုးပါဘူးဆိုပြီးတော့ နည်းနည်းပေါ့လာပြီ။ အဲ့တာကိုလည်း ကျွန်မတို့ စိတ်ပူတယ်” ဟု ၎င်းကပြောသည်။

 ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရောဂါနှိမ်နင်းရေး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး၊ ဘားအံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာချိုချိုထူးစန်းတို့နှင့် ဇွန်လ ၃ဝ ရက် မနက်ပိုင်း အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့တွင်လည်း တစ်ကျော့ပြန်ဝင်လာသည့် COVID-19 ဒုတိယလှိုင်းဒဏ်ခံနေရသည့်အတွက် မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းပြင်းပြင်းထန်ထန်ဝင်လာတာမျိုး မဖြစ်စေလိုကြောင်းကိုလည်း ဆက်ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က“တစ်ခြားနိုင်ငံတွေမှာဆိုလို့ရှိရင် သတင်းတွေ လေ့လာရင်တွေ့မှာပဲ။ ကောင်းသွားပါပြီဆိုပြီးမှ တစ်ခါ အခု ဒုတိယလှိုင်းတွေ ဝင်ကြတယ်။

အဲ့တော့ ကျွန်မတို့ကတော့ ဖြစ်နိုင်မယ်ဆိုရင် ဒုတိယလှိုင်းကို လုံးဝကာချင်တယ်။ မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ကိုယ်ကိုင်တွယ်နိုင်သလောက်ပဲ ဖြစ်ချင်တယ်။ ဆိုးဆိုးဝါးဝါးကြီး မဖြစ်ချင်သေးဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် ချမှတ်ထားခဲ့သည့် မိမိအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်ကို အစိုးရက ဖြေလျှော့ပေးခဲ့ပြီး COVID-19လူနာတွေ့ရှိမှုများခဲ့သည့် အင်းစိန်မြို့နယ်ကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှာစပြီး Stay at Home အစီအစဉ် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းကူးစက်မှု ထပ်မံမတွေ့ရှိရသေးဘဲ ပြည်ပမှ ပြန်လာသူများတွင်သာ COVID-19 ပိုးတွေ့ရှိရသည့်အတွက် အစိုးရက ရောဂါကာကွယ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့လိုက်ခြင်း ဖြစ်သည်။

အစိုးရက ထိုသို့ ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး ကန့်သတ်ချက်အချို့ကိုဖြေလျော့ပေးလိုက်သော်လည်း ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုကို ဇူလိုင်လကုန်အထိ ထပ်မံတိုးမြှင့်ထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ဆယ်သန်းကျော်နှင့် သေဆုံးသူ ငါးသိန်းကျော်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံမှာတော့ ဇွန်လ ၃ဝ ရက်မနက်ပိုင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ COVID-19ရောဂါပိုးတွေ့လူနာသစ် ထပ်မံတွေ့ရှိခြင်းမရှိသောကြောင့် ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂၉၉ ဦး၊ သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပိုးကင်းစင်လာသူ ၂၂၁ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly