တပ်မတော်နှင့် KIA ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်

တပ်မတော်နှင့် KIA ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်
ပုံ- KIA တပ်သား (ပုံ- The Kachin Net)

ရန်ကုန်၊ဇွန် ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် အနောက်ဘက်ခြမ်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) တို့ကြား ဇွန် ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တပ်မတော်၏ ခြေမြန်တပ်ရင်း ၃၈၉ နှင့် ခြေလျင်တပ်ရင်း ၂၃၇ တို့သည် KIA တပ်ရင်း (၅) ဌာနချုပ်ဘက်သို့ တက်လာရာတွင် လမ်းမှာ လုံခြုံရေး ယူထားသည့် KIA တပ်ဖွဲ့ဝင်များဖြင့် ထိတွေ့ကာ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KIA မှ ဗိုလ်မှူးကြီး နော်ဘူက “ ဟုတ်ကဲ့ပါ ကျွန်တော်တို့ တပ်ရင်း (၅) နယ်မြေထဲမှာ ဖြစ်ပါတယ်။ ဒေသကို ပြောမယ်ဆိုရင် ဗန်းမော်က အနောက်ဘက်ကမ်းဘက်မှာ ကျလိမ့်မယ်။ ဗန်းမော်ရဲ့ ဧရာဝတီမြစ်ကို ကူးရမှာ။ ဖြစ်စဉ်က ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ တပ်ရင်း (၅) နယ်မြေမှာ လုံခြုံရေး ယူထားတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာပါ”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာတွင် KIA စခန်းတချို့ဖယ်ပေးလိုက်ရသည်ဟု သတင်းများ ထွက်နေသော်လည်း  မိမိတို့ဘက်မှ စခန်းများ ဖယ်ပေးလိုက်ရသည့် ဖြစ်စဉ်များ မရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တိုက်ပွဲ များ ဖြစ်ခဲ့သည်ကိုလည်း မသိရသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ ဘာအကြောင်းမျိုးနဲ့လာတယ်ဆိုတာကတော့ ကျွန်တော်တို့လည်း တိတိကျကျ မသိ ဘူး၊ ဒါပေမယ့် သူတို့က အင်အားက ၆၀ နဲ့ ၈၀ ကြားရှိမှာပါ။သူတို့က စားစရာ၊ဝတ်စရာတွေ ယူပြီး တက်လာတဲ့ စစ်ကြောင်းတွေလည်း ဖြစ်ပါတယ်။ဆိုတော့ ဘာကိစ္စနဲ့ ဘာအကြောင်းနဲ့ တက်လာတယ်ဆိုတာကတော့ အတိအကျ မသိသေးဘူး ခင်ဗျာ။ မဟုတ်လောက်ဘူး (စခန်းဖယ်ပေးရတယ်ဆိုတဲ့ကိစ္စ) ကျွန်တော်တို့ ရှေ့တန်း စခန်း ကာကင်းပေါ့နော်၊ အဲတောင်မှ မရောက် သေးဘူးပြောတယ်။ လမ်းမှာ လုံခြုံရေးတွေနဲ့ ထိတွေ့ ရင်ဆိုင်ပြီးမှ တိုက်ပွဲဖြစ် လာတာ ပေါ့။ အောက်ခြေကတက်လာတာကတော့ အဲလိုဖြစ်ပါတယ် ခင်ဗျာ”ဟု ပြော သည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေဆိုမှု မရှိသည့်အတွက် တစ်စုံတစ်ရာမသိရပေ။

ဗန်းမော်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းကတော့ ယခု တိုက်ပွဲ ဖြစ်ပွားသော ဒေသသည် ကသာဘက်မှ သစ်များ မှောင်ခို ခိုးထုတ်သည့် လမ်းအဖြစ် အသုံးပြုမှုများ ရှိ ကြောင်း၊ ထို့ကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်စဉ် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ပြော သည်။

“ ဗန်းမော် အနောက်ဘက်ခြမ်းမှာ KIA တပ်ရင်း ၅ ရှိတယ်၊ မိုးညှင်းနဲ့ဗန်းမော်ကြားပေါ့။ အဲမှာ တပ်ရင်း ၅ တို့ရှိ တယ် အဲမှာ ဖြစ်တာနေမယ်၊ စစ်ကြောင်းထိုးပါလိမ့်မယ် အဲဘက်က များသောအားဖြင့် အဲလမ်းကနေပြီးမှ ဟို ဘက် ကသာတို့ဘက်ကနေ သစ်ခိုးတဲ့ လမ်းရှိတယ်။ တလောက သစ်ခိုးထုတ်တဲ့ ကားတွေလိုင်းပေါ်မှာ တွေ့ ပါလိမ့်မယ်။ အဲဒါကြောင့်မလို့ ဒီဘက်က သွားစစ်ကြောင်းထိုးတာတွေ လုပ်မယ်ထင်ပါတယ်။ အဲဒါနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာ ဖြစ်ပါလိမ့်မယ် အဲဒါပဲ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တပ်မတော် စစ်ကြောင်းများသည် KIA တပ်ရင်း ၅ လှုပ်ရှားဒေသထဲမှ နောက်ဆုတ်သွားခြင်းမရှိ သေးဘဲသည့်အတွက် အချိန်မရွေး တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ယခု ဇွန်ထဲတွင် တပ်မတော်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်လာသလို ကိုဗစ်-၁၉ ကျန်းမာ ရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းကြောင့်လည်း အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်နေ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ထန်းဖာဘွမ် ဘက်တွင် KIA နှင့် တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသလို ဇွန် ၁၆ ရက်မှ ၂၁ ရက်ထိလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ဒေသဘက်မှာ KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် KIA နှင့် အစိုးရ-တပ်မတော်ကြား ပဏာမ အရပ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ချုပ်ဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly