တရားဟောဆရာစောဒေးဗစ်လားအမှု စွဲချက်အမိန့်ကို လာမည့်ရုံးချိန်းတွင် ချမှတ်မည်

တရားဟောဆရာစောဒေးဗစ်လားအမှု စွဲချက်အမိန့်ကို လာမည့်ရုံးချိန်းတွင် ချမှတ်မည်
ဓာတ်ပုံ -  သူရ / မဇ္ဈိမ

ဇွန် ၃၀ရက်

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ အမှုအားစွဲချက်တင်သင့်၊ မတင်သင့်ကို ဇွန်လ ၃၀ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ပြီးနောက် လာမည့်ရုံးချိန်းတွင် စွဲချက်တင်၊ မတင် အမိန့်ကို ချမှတ်ရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်ဝင်းက သတင်းထောက်များကို ပြောသည်။

၎င်းတို့နှစ်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရှစ်ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး နှစ်ဖက်ရှေ့နေများက တစ်နာရီခန့်ကြာ အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြသည်။

" ဒီနေ့က စွဲချက်လျှောက်လဲချက်ဆိုတော့လေ နောက်တစ်ခေါက် အမိန့်ချမှာ။ စွဲချက်အမိန့်ချမှာ။ နောက်ရုံးချိန်းစွဲချက်တင်တယ်ဆိုတော့လဲ ဆက်ရှင်းပေါ့။ မတင်တော့လည်း လွတ်ပြီပေါ့။ " ဟု တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောသည်။

ဓာတ်ပုံ -  သူရ / မဇ္ဈိမ

ယခုအမှုကို စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့လျှင် အမှုကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ပြီး စွဲချက်မတင်သင့်ကြောင်း အမိန့်ချမှတ်ပါက အမှုမှ လွတ်မြောက်သွားမည်ဖြစ်ကြောင်းလည်း ရှေ့နေဦးအောင်ကြည်ဝင်းက ပြောသည်။

ထိုသို့ စွဲချက်အမိန့်ချမှတ်ရန် လာမည့်ရုံးချိန်းကို ဇူလိုင်လ ၂ရက်နေ့သို့ ချိန်းဆိုထားကြောင်း မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက ပြောသည်။

COVID -19 ကာလအတွင်း အစိုးရမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုသည့် စွပ်စွဲချက်ဖြင့် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် သက်ဆိုင်ရာ နယ်မြေအသီးသီးတွင် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ယခုအမှုသည် အလျှင်အမြန်ဆောင်ရွက်ရမည့် မှုခင်းအမျိုးအစားတွင် ပါဝင်သည့်အတွက် ရက်ပေါင်း ၉၀ (၃ လ) အတွင်း အပြီးသတ် အမိန့်ချမှတ်သွားမည် ဖြစ်သည်။

ယခုတရားစွဲဆိုခံထားရသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ သည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required