ထရမ့်နှင့်မတူ ဒုသမ္မတ မိုက်ပန့်စ်က အမေရိကန်ပြည်သူများကို နှာခေါင်းစည်းတပ်ရန် တိုက်တွန်း

ထရမ့်နှင့်မတူ ဒုသမ္မတ မိုက်ပန့်စ်က အမေရိကန်ပြည်သူများကို နှာခေါင်းစည်းတပ်ရန် တိုက်တွန်း

ဇွန် ၂၉

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသည့် ဧရိယာများ၌ နေထိုင်လျက်ရှိသော ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရမည့်ဘေးမှ ကာကွယ်ရန် နှာခေါင်းစည်းများ တပ်ကြရန် လိုကြောင်း အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ဇွန်လ ၂၈ ရက်တွင် တိုက်တွန်းသွားခဲ့သည်။

ဒဲလက်စ်မြို့ရှိ တက္ကဆက်တက္ကသိုလ် အနောက်တောင်ပိုင်း ဆေးဘက်ဆိုင်ရာ စင်တာတွင် ထရမ့်အစိုးရ အဖွဲ့ဝင်များ၊ တက္ကဆက်ပြည်နယ်မှ တာဝန်ရှိသူများနှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒုသမ္မတ မိုက်ပန့်စ်က အမေရိကန်ပြည်သူများကို နှာခေါင်းစည်းတပ်ကြရန် သိသိသာသာ တိုက်တွန်းသွားခဲ့ခြင်း ဖြစ်သည်။

“ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်နေတဲ့ ဧရိယာတွေမှာ ရှိနေသူတိုင်းကို နှာခေါင်းစည်းတွေ တပ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်၊ လူချင်း သီးခြားခပ်ခွာခွာ နေရတဲ့ စည်းမျဉ်းတွေအတိုင်း ခင်ဗျားတို့ မလုပ်နိုင်တဲ့ နေရာမျိုး တွေမှာ နှာခေါင်းစည်းတပ်ထားတာက အိုင်ဒီယာကောင်းတစ်ခုပါ၊ အထူးသဖြင့် လူငယ်လူရွယ်တွေပေါ့” ဟု ပန့်စ်က ပြောသွားခဲ့သည်။

အလားတူ နှာခေါင်းစည်းတပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းက ပြည်သူများအတွက် လွတ်လပ်ခွင့်များကို ပိုမို မြန်မြန်ဆန်ဆန် ပြန်လည်ရရှိနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း အိမ်ယာနှင့် မြို့ပြ ဖွံ့ဖြိုးရေးဝန်ကြီး ဘန် ကာဆန်ကလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

နှာခေါင်းစည်းတစ်ခုကို ကိုယ်တိုင် တပ်ဆင်ထားခဲ့သည့် ပန့်စ်သည် ဇွန်လ ၂၈ ရက် အစောပိုင်းက တက္ကဆက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်သည်လည်း ယခုအခါ ဗိုင်းရပ်စ် ကူးစက်မှုပိုင်း သိသိသာသာ ထိုးတက်နေသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

တချိန်တည်းမှာပင် အမေရိကန်နိုင်ငံသည် တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တွေ့ရှိမှု စံချိန်တင်ခဲ့ပြီး ပြီးခဲ့သည့် သောကြာနေ့ တစ်နေ့တည်းအတွင်း ကူးစက်သူ ၄၆,၀၀၀ ဦးခန့်အထိ တွေ့ရှိခဲ့သည်။

ယခုအခါ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၁၂၅,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ယခုကဲ့သို့ ဒုသမ္မတ ပန့်စ်က ပြည်သူများကို နှာခေါင်းစည်းတပ်ရန် တိုက်တွန်းသွားခဲ့သော်ငြား သမ္မတ ဒေါ်နယ်ထရမ့်သည် လူအများရှေ့တွင် နှာခေါင်းစည်းတပ်ရန် ယေဘုယျအားဖြင့် ငြင်းဆန်ထားခဲ့သူဖြစ်သည်။

ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်များအကြာက မီချီဂန်ပြည်နယ်ရှိ Ford ကားစက်ရုံသို့ သွားရောက်သည့် ခရီးစဉ်တစ်ခုအတွင်း၌သာ နှာခေါင်းစည်း တပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။

မျက်နှာ အကာအကွယ်များနှင့်ပတ်သက်၍ ထရမ့်၏ သဘောထားအပေါ် ဝေဖန်ပြစ်တင်မှုများ ရှိနေခဲ့သည်။

“တကယ်တော့ သမ္မတ ဆိုတာ စံပြ ဖြစ်သင့်ပါတယ်၊ ရှင်တို့လည်း သိကြတာပဲလေ၊ တကယ့် လူတွေဟာ နှာခေါင်းစည်းတွေ တပ်ကြပါတယ်၊ ဒါကြောင့် နိုင်ငံရဲ့ စံပြတစ်ယောက်အဖြစ် နေပါ၊ နှာခေါင်းစည်းလည်း တပ်ပါ၊ ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ သက်သက်မဟုတ်ပါဘူး၊ အခြားသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ကာကွယ်ရာ ရောက်ပါတယ်” ဟု အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီက ဇွန်လ ၂၈ ရက်တွင် ABC ရုပ်သံ၏ “This Week” အစီအစဉ်တွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required