ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးသွားသောကျောင်းသူ၏ရုပ်အလောင်းရှာတွေ့

ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးသွားသောကျောင်းသူ၏ရုပ်အလောင်းရှာတွေ့
Photo  - Myanmar Fire Services Department

ဇွန် ၂၇

ဇွန်လ ၂၅ရက်နေ့ က ဘားအံမြို့ ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားသော တက္ကသိုလ်ကျောင်းသူကို ယနေ့ ဇွန်လ၂၇ရက်နေ့ မနက်ပိုင်းတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။

မာဃလူမှုကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကလက်ရှိတွင်ရုပ်အလောင်းကိုသယ်ဆောင်ရန်ဆောင်ရွက်နေကြပြီးသေဆုံးရခြင်းအကြောင်းရင်းကို ဒေသခံများအားမေးမြန်းစုံစမ်းဆဲအခြေအနေသာရှိသေး ကြောင်းပြောသည်။

Photo  - Myanmar Fire Services Department

ယနေ့ဇွန်လ ၂၇ ရက်နေ့ နံနက်၅နာရီဝန်းကျင်တွင် ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့်  ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့များ၊ ဒေသခံ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့တို့ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ရာ နံနက်၁၀နာရီဝန်းကျင်ခန့်တွင် ပေ၂၀၀ခန့်နက်သော ကျောက်တောင်အောက်ခြေတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဇွန်လ၂၅ ရက်နေ့ ညပိုင်းကတည်းကလုပ်ဆောင်နေသော ရှာဖွေကယ်ဆယ်မှု့အား ဇွန်လ ၂၆ ရက်နေ့တစ်နေ့လုံးဆက်လက်လုပ်ဆောင်သော်လည်းတွေ့ရှိခြင်းမရှိဘဲ ယနေ့တွင် အမျိုးသမီးငယ်၏ ရုပ်အလောင်းအားရှာတွေ့ခဲ့ခြင်းဖြစ်သည်။

Photo  - Myanmar Fire Services Department

ဇွန်လ ၂၆ ရက် သောကြာနေ့တွင်ပြုလုပ်ခဲ့သောရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် တောင်ခြေတွင် ရပ်ထားသောဆိုင်ကယ်နှင့် တောင်ပေါ်တွင်ချွတ်ထားခဲ့သောဖိနပ်ကိုတွေရှိခဲ့ပြီး ဒေသခံတစ်ဦးမှ နေ့လည်ပိုင်းတွင် တောင်ပေါ်တစ်နေရာ တောင်အစွန်းကျောက်ကြားတွင် ဆိုင်ကယ်သော့ကိုရှာဖွေတွေ့ရှိခဲ့သည်။

Photo  - Myanmar Fire Services Department

အဆိုပါအမျိုးသမီးငယ်မှာဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်တွင် နေထိုင်သူဖြစ်ပြီး ဘာအံတက္ကသိုလ်တွင် သတ္တဗေဒဘာသာရပ်နှင့် ဂုဏ်ထူးတန်းပထမနှစ် တက်ရောက်ပညာသင်ကြားနေသောကျောင်းသူတစ်ဦးဖြစ်သည်။ ဇွန်လ ၂၅ရက်နေ့ နေ့လည်တွင် သူငယ်ချင်းဖြစ်သူနှင့် မုန့်စားပြီးအပြန် ညနေပိုင်းတွင် ဇွဲကပင်တောင်ပေါ်သို့တစ်ဦးတည်းတက်ရောက်သွားခြင်းဖြစ်သည်ဟုသိရသည်။

လက်ရှိအချိန်တွင် ရုပ်အလောင်းသယ်ယူရေးအတွက်ဆောင်ရွက်နေကြပြီး ဖြစ်စဉ်အတိအတိအကျကိုအသေးစိတ်မသိရှိရသေးကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေကြသော အဖွဲ့များထံမှသိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly