အမေရိကန်၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၀ ၀၀၀ အထိမြင့်တက်

အမေရိကန်၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၀ ၀၀၀ အထိမြင့်တက်

ဇွန် ၂၇

အမေရိကန်တွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၄၀ ၀၀၀ ကျော်ရှိခဲ့ပြီး တစ်နေ့တာအတွင်း ကူးစက်မှုအမြင့်မားဆုံးနေ့တစ်နေ့ဖြစ်ခဲ့ကာ ဧပြီနှောင်းပိုင်းက ကူးစက်မှုအများဆုံးနေ့ကိုပင် မှေးမှိန်သွားစေခဲ့သည်။ ရောဂါပြန်လည်ဖြစ်ပွားလာမှုကြောင့် အာဏာပိုင်များအနေဖြင့် ပြည်နယ်များတွင် လုပ်ငန်းပြန်လည် လည်ပတ်မှုကို အနည်းဆုံး ရပ်ဆိုင်းထားခြင်း သို့မဟုတ် အခြေအနေ နောက်ပြန်လှည့်ရမည့်ကိန်းဆိုက်နေသည်။

ကူးစက်သူများလာခြင်းမှာ ရောဂါစမ်းသပ်မှုတိုးချဲ့လုပ်ဆောင်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ယုံကြည်ထားကြသော်လည်း အထူးသဖြင့် နိုင်ငံ၏တောင်ပိုင်းနှင့်အနောက်ပိုင်းတို့တွင် သေဆုံးမှုမြင့်တက်ခြင်းနှင့်ဆေးရုံတက်ရောက် ကုသမှုအပါအဝင် ဗိုင်းရပ်စ်တစ်ကျော့ပြန်လာနေသည့် သက်သေအမြောက်အမြားရှိနေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အရီဇိုးနား၊ တက္ကဆက်နှင့်ဖလော်ရီဒါတို့သည် ကပ်ရောဂါဒဏ် ရိုက်ခတ်မှုအခံရဆုံးပြည်နယ် များဖြစ်သည်။

ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်၏ အချက်အလက်များအရ ယခုကူးစက်မှုသည် ဧပြီ ၂၄ ရက်က အမြင့်မားဆုံး ကူးစက်မှု ၃၆ ၄၀၀ ဦး ရှိခဲ့ခြင်းကို ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသည် ဧပြီလလယ်ပိုင်းက တစ်နေ့လျှင်  ၂ ၂၀၀ ဝန်းကျင်ရှိရာမှ ယနေ့အချိန်တွင် ၆၀ အောက်ထိ လျော့နည်းသွားခဲ့သည်။ ကာကွယ်ကုသခြင်းများ၌ တိုးတက်မှုများရှိလာ သော်လည်း ကူးစက်မှုအသစ်များမှာ လူလတ်ပိုင်းများတွင် ပိုမိုအတွေ့များလာသောကြောင့်  သေဆုံးမှုအရေအတွက်သည် ယခင်နှုန်းအတိုင်းပြန်လည်ဖြစ်လာမည်ကို ကျွမ်းကျင်သူအချို့က သံသယရှိနေကြသည်။

ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်၏ မှတ်တမ်းအရ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၄ ၀၀၀ ကျော်ရှိပြီး ကူးစက်သူ ၂.၄  သန်းထက်မနည်းရှိသည်။ သို့သော် အမေရိကန်ကျန်းမာရေးအာဏာပိုင်များက အမှန်တကယ်ကူးစက်ခံရသူအရေအတွက်သည် သန်း ၂၀ သို့မဟုတ် ၁၀ ဆနီးပါးမြင့်တက်နိုင်သည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးသိန်းနီးပါးရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်၏အချက်အလက်များအရသိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရောဂါတစ်ဖန်ကူးစက်မှုကို ထိန်းချုပ်နိုင်လုနီးပါး လုပ်ဆောင်နိုင်ခဲ့သည်။ အိန္ဒိယတွင် နေ့စဉ် စံချိန်တင်ကူးစက်နေမှုကြောင့် လူဦးရေ ငါးသိန်းခန့် ကူးစက်ခံထားရပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် မက္ကဆီကိုကဲ့သို့သော လူဦးရေများသောနိုင်ငံများတွင်လည်း ရောဂါကူးစက်ခံရသူ များပြားလာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အားစိုက်လုပ်ဆောင်နေကြရသည်။

တောင်အာဖရိကတွင် ရောဂါကူးစက်ခံရသူ ၁၁၈ ၀၀၀ ကျော်ရှိကာ အာဖရိကတစ်တိုက်လုံး ကူးစက်ခံရသူ၏ ထက်ဝက်ခန့်ရှိပြီး ယခုလစောပိုင်းက လော့ဒေါင်းဖြေလျှော့ပြီးနောက် ထပ်မံကူးစက်သူ ၆ ၆၀၀ နီးပါးရှိသည်။

ကပ်ရောဂါရိုက်ခတ်မှုအဆိုးရွားဆုံးခံရသော ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီတလီနိုင်ငံသည်လည်း Naples မြို့အနီး ဘူဂေးရီယားနိုင်ငံသားများအကြား ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လုံးပန်းနေရသည်။

အရီဇိုးနားတွင် ကြာသပတေးနေ့က ထပ်မံကူးစက်သူ ၃ ၀၀၀ ကျော်ရှိခဲ့ပြီး တစ်ပတ်အတွင်း အလားတူအရေအတွက်ကူးစက်မှု လေးရက်မြောက်နေ့ဖြစ်ခဲ့ကာ အစိုးရက ပြည်နယ်ပြန်လည်ဖွင့်လှစ်ရန် ရက်ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။

ထိုနည်းတူစွာ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott သည် ကန့်သတ်မှုများဖြေလျှော့ရေးကို ကြာသပတေးနေ့က ထပ်မံရွှေ့ဆိုင်းလိုက်ပြီး ရက်သတ္တနှစ်ပတ်အတွင်းတွင် ပြည်နယ်တစ်ဝန်း၌ လူနာ နှစ်ဆကျော်ရှိ လာပြီးနောက် ဆေးရုံများ၌ သိပ်အရေးမကြီးသော ခွဲစိတ်မှုအချို့ကို တားမြစ်ခဲ့သည်။ လက်စ်ဗီးဂက်စ် လောင်းကစားရုံများအပါအဝင် အများပြည်သူအကြား၌ နှာခေါင်းစည်းများတပ်ဆင်ရန် နီဗားဒါးပြည်နယ်အုပ်ချုပ်ရေး မှုးက ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly