ခံစစ်ကြောင်းကို ပြင်ဆင်ခြင်း

By မင်းသွေးသစ်
26 June 2020
ခံစစ်ကြောင်းကို ပြင်ဆင်ခြင်း

ဇွန် ၂၆
 
ကမ္ဘာ့နိုင်ငံတွေနဲ့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာ COVID-19 ကြောင့် ကူးစက်မှု၊သေဆုံးမှုတွေ မြင့်တက်လာတဲ့သတင်းကို မီဒီယာတွေမှာ တွေ့မြင်ကြားသိရတဲ့အခါ နာဂစ်ကယ်ဆယ်ရေးကာလက ဟိုင်းကြီးကျွန်းပြင်ခရိုင်မှာ တွေ့ကြုံခဲ့ရတဲ့ မသေရုံတမည် စားနေရတဲ့သူတွေ၊ မမြှုပ်နိုင်တော့လို့ အရိုးကျနေတဲ့အလောင်းတွေ၊ လူအရိုးနဲ့တိရစ္ဆာန်အရိုး ခွဲခြားစုပုံထားတဲ့ အရိုးပုံတွေကို ပြန်မြင်ယောင်လာရင်း တုန်လှုပ်လာမိတယ်။ ဒီမြင်ကွင်းတွေက ဘယ်တော့မှ ပြန်မမြင်ချင်တော့တဲ့မြင်ကွင်း၊ ဘယ်သူ့ကိုမှ မတွေ့ကြုံစေချင်တဲ့ အတွေ့အကြုံတွေပါ။

ထစ်ခနဲရှိ မသိနားမလည်မှုနဲ့ ဆင်းရဲခြင်းတွေကြောင့် ဖက်ရွက်ကလေးတွေလို ကြွေပျက်ပေးကြရတဲ့ အခြေခံလူတန်းစားပြည်သူတွေရဲ့ဘဝတွေအတွက် တစ်ခုခုလုပ်မှဖြစ်မယ်ဆိုတဲ့ အချက်ပေးသံက ခေါင်းထဲမှာ ဆူညံပွက်လောရိုက်လို့ပေါ့။

ပထမဆုံးဘာလုပ်နိုင်သလဲဆိုတာ အရင်တွေးတယ်။ဒါဟာသဘာဝဘေးအန္တရာယ်လို မဟုတ်ဘူး။ ဒါဟာမမြင်နိုင်ပေမယ့် တိတ်တိတ်လေးဝင်လာမယ့် လူသတ်သမားမဟုတ်ဘူး။သူ့ခြေသူ့လက်တွေကို ထင်ထင်ရှားရှားပြသခြိမ်းခြောက်ပြီးမှ အပိုင်ဇီဝိန်ခြွေခဲ့တယ်ဆိုတာ ကြုံတွေ့နေရတဲ့နိုင်ငံတွေက သက်သေဖြစ်တယ်။ဒီတော့ ဒီကပ်ဆိုးရဲ့လက်ထဲက ပြည်သူတွေကို ကူကယ်နိုင်ဖို့အတွက် လမ်းကြောင်းနှစ်ခုတွေ့ပါတယ်။တစ်ခုက ကျန်းမာရေးအရကူညီမှု၊ နောက်တစ်ခုကတော့ ရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု (Social Impact)ကို ကူညီဖြေရှင်းခြင်းပါ။ကိုယ်ကကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့အခါ ကျန်းမာရေးကဏ္ဍကနေကူညီဖို့ ခက်ခဲနိုင်တဲ့အတွက် ရောဂါကြောင့်ဖြစ်လာမယ့် လူ့အဖွဲ့အစည်းအပေါ်အကျိုးသက်ရောက်မှုကိုသာ တတ်နိုင်သလောက်တားဆီးနိုင်အောင် ကြိုးစားဖို့နဲ့ ကြိုတင်ကာကွယ်ဖို့ လုပ်နိုင်တယ်ဆိုတာ စဉ်းစားမိခဲ့တယ်။

     ဒါကြောင့်တခြားနိုင်ငံ၊ တခြားဒေသတွေမှာ ဘာလုပ်နေကြသလဲ၊ ကိုယ့်ဒေသမှာရော ဘာလုပ်နိုင်မလဲဆိုတာ လိုက်လေ့လာရပြန်ပါတယ်။ရန်ကုန်မြို့ရဲ့ လူစညျကားတဲ့မှတျတျိုငျတှမှော လကျဆေးကနျလုပျပေးနကွေတာ၊ လူစည်ကားတဲ့နရောတွေမှာ ပိုးသတ်ဆေးဖြန်းတာ၊ အတတ်နိုင်ဆုံး အိမ်ထဲကအိမ်ပြင်မထွက်အောင် ဈေးကူဝယ်ပေးကြတာ၊ နိုင်ငံရပ်ခြားက ပြန်လာသူတွေနဲ့ ရောဂါပိုးရှိသူနဲ့ ထိစပ်ခဲ့နိုင်ခြေရှိတဲ့သူတွေကို သီးခွားစောင့်ကြည့်ကုသပေးတာ စတဲ့ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို သွားတွေ့ပါတယ်။ဒီတော့ကိုယ့်ဒေသမှာ လုပ်ချင်စိတ်ရှိသူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေကို အကြံပေးတာ၊ သူတို့နဲ့ဆွေးနွေးတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ကိုယ့်ဟာကိုယ်လည်း အားသန်တဲ့လုပ်ငန်းတွေကို ပိုအားစိုက်ပြီးလုပ်နိုင်အောင် စေတနာ့ဝန်ထမ်း လုပ်အားပေးအင်အားတွေ စုဆောင်းပြင်ဆင်ဖို့ စကြိုးစားရပါတယ်။

     ဒီလိုနဲ့ပဲ စိတ်ဓါတ်တူတဲ့ရဲဘော်ရဲဘက်တွေနဲ့ အခမဲ့စျေးဝယ်၊ အကူအညီတောင်းတဲ့နေရာဆေးဖျန်း၊ ကျန်းမာရေးအသိပညာဖြန့်ဝေတဲ့ Together Thanlyin ဆိုတဲ့အဖွဲ့လေး စတင်နိုင်ခဲ့တယ်။သန်လျင်မြို့နယ်ရဲ့ Facility Quarantine Center ကို အမှိုက်ရှင်းတာကစလို့ နေရာချဆေးဖျန်းပြီးစီးလို့ စောင့်ကြည့်လူနာတွေ လက်ခံစောင့်ရှောက်ပေးတဲ့အထိ ပါဝင်ကူညီပေးနိုင်ခဲ့တယ်။ သန်လျင်မြို့ရဲ့ ကိုရိုနာကပ်ရောဂါ ကာကွယ်တားဆီးရေးကော်မတီမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ကြိုးစားခွင့်ရခဲ့တယ်။သန်လျင်မြို့ပေါ်ရပ်ကွက်တွေတင်မက ကျေးလက်တောရွာတွေအထိပါ အသိပညာပေးဆိုင်းဘုတ်၊ လက်ကမ်းစာစောင်နဲ့ အသိပညာပေးပြောဆိုမှုတွေ လုပ်လာနိုင်ခဲ့ပါပြီ။

     ဒီလုပ်ငန်းတွေဟာ COVID-19 ကပ်ရောဂါကို ကာကွယ်တားဆီးနိုင်မယ့် ခံစစ်ကြောင်းတွေပဲဖြစ်ပါတယ်။ဒီတော့ ဒီခံစစ်ကြောင်းတွေ မကျိုးပေါက်ဘဲ တည်ငြိမ်အားကောင်းနေအောင် ကြိုးစားရမှာပါ။ ပိုမိုခိုင်ခံ့အောင်
တည်ဆောက်ရမှာပါ။ဒီအဆင့်မှာ ကိုယ်နဲ့လုပ်ငန်းတူ၊ စိတ်ဓါတ်တူ၊ ရည်ရွယ်ချက်တူတဲ့ တခြားအဖွဲ့အစည်းတွေ၊ တခြားမြို့နယ်က ကိုယ့်ရဲဘော်တွေနဲ့ ချိတ်ဆက်ပြီး အချင်းချင်းရိုင်းပင်းကြဖို့ လိုလာပါပြီ။ဒီအဆင့်ကတော့ ကိုယ့်ဒေသလေး (Regional Level)မှာပဲ မရတော့ပါဘူး။လူ့အဖွဲ့အစည်းအဝန်းအဝိုင်းတစ်ခုလုံး ချိတ်ဆက်ပြီး တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒီတော့အရွေ့တစ်ခု (Social Movement) အတွက် ဝိုင်းတွန်းနေကြတဲ့ သေဖော်သေဖက်ညီနောင်တွေနဲ့ လူထုရှေ့က ရပ်တည်ပေးနိုင်မယ့် တပ်ဦးတံခွန်တစ်ခု လွှင့်နိုင်အောင် ချိတ်ဆက်ရပါတယ်။ကိုယ့်အင်ကိုယ့်အားနဲ့ မကျယ်ပြန့်နိုင်ခင်မှာပဲ ဒီကွက်လပ်ကို ရှေ့မျိုးဆက်က နောင်တော်ကြီးတွေကိုယ်စား (၈၈)မျိုးဆက်ကိုမြအေးရဲ့ဖုန်းခေါ်သံတစ်ချက်က ဖြည့်ပေးခဲ့လိုက်ပါတယ်။ထင်တဲ့အတိုင်းပါပဲ။မျိုးဆက်အလိုက် ကိုယ်ချစ်တဲ့သူတွေ စုံစုံညီညီနဲ့ တပ်ဦးတံခွန်ကို စချုပ်လုပ်တဲ့အထဲမှာ အားရဝမ်းသာနဲ့ ပါဝင်အားဖြည့်နိုင်ခဲ့ပြန်ပါပြီ။ရှေ့လာမယ့်တိုက်ပွဲအတွက်လဲ အားရှိသွားခဲ့ရပြီ။
    
ကဲ....ငဗစ်ရေ။ နိမ့်ပါးတဲ့နိုင်ငံဆိုတိုင်း မင်းထင်သလိုလုပ်မရစေရဘူး။ မသိနားမလည်သူတွေဆိုပြီး မင်းနှိပ်စက်လို့မရစေရဘူး။ ဆင်းရဲလှတဲ့အားနည်းချက်နဲ့ မင်းအနိုင်မကျင့်နိုင်စေရဘူး။ငါတို့ကတော့ ငါတို့ပြည်သူတွေအတွက် အရိုးကြေကြေ အရည်ခမ်းခမ်း ရသမျှနည်းလမ်းတွေနဲ့ ဖြစ်အောင်ကာကွယ်ကြမှာပဲ။
ငါတို့ဘက်မှာ ချစ်ခြင်းတရားတွေရှိတယ်။
ငါတို့ဘက်မှာ ဉာဏ်ပညာတွေရှိတယ်။
ငါတို့ဘက်မှာ မေတ္တာတရားတွေရှိတယ်။
ငါတို့ဘက်မှာ လူသားဆန်မှုတွေရှိတယ်။
ငါတို့ဘက်မှာ ကိုယ်ချင်းစာတရားတွေရှိတယ်။
ငါတို့ဘက်မှာ ရဲရင့်မှုတွေရှိတယ်။
ငါတို့ဘက်မှာ မျှဝေမှုတွေရှိတယ်။
ငါတို့ဘက်မှာ ပြည်သူတွေရှိတယ်။
ငါတို့ဘက်မှာ လူ့အဖွဲ့အစည်းတစ်ခုလုံးရှိနေတယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly