အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့ တစ်နှစ်ပြည့်တောင်းဆိုမှု လူခြောက်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရ

အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့ တစ်နှစ်ပြည့်တောင်းဆိုမှု လူခြောက်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇွန် ၂၂

ရခိုင်ပြည်နယ်က မြို့နယ်ခုနှစ်ခုနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန် ဇွန်လ ၂၁ ရက်နေ့က တောင်းဆိုမှုလုပ်ခဲ့သည့် လူခြောက်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်နှင့် ရဲတပ်ဖွဲ့မှ အတည်ပြု ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်ခြင်းဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခံထားရသော လူခြောက်ဦးထဲတွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ လူငယ်တစ်ဦးနှင့် ရန်ကုန်မြို့က လူငယ် ငါးဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ရဲတပ်ဖွဲ့က  အမှုဖွင့်ထားခြင်း ဖြစ်သည်။

အင်တာနက်ပြန်ဖွင့်ပေးရန် ရမ်းဗြဲမြို့မှာ လူတချို့နှင့် ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်လူမှုစာမျက်နှာပေါ်မှာ ပုံတင်ခဲ့သည့် အပေါ် ဌာနဆိုင်ရာများကို အသိမပေးခဲ့ဟုဆိုပြီး ရမ်းဗြဲမြို့နယ်မှူးဇော်ဝင်းက အမှုဖွင့်ခြင်းဖြစ်ကြောင်း ရမ်းဗြဲမြို့တွင် အမှုဖွင့်ခံထားရသည့် ကာယကံရှင်ဖြစ်သူ ကိုမျိုးမင်းထွန်းက မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ကိုမျိုးမင်းထွန်းက “အမှုဖွင့်တဲ့အကြောင်းက ဓာတ်ပုံရိုက်တာနဲ့ ပတ်သက်ပြီးတော့ ဖွင့်တာပေါ့။ သူတို့ကို အသိမပေးဘူး။ သူတို့ကို အကြောင်းကြားတာမရှိဘူးဆိုပြီး ဒီလိုမျိုး ဓာတ်ပုံရိုက်ပြီးတော့ လိုင်းပေါ်တင်တဲ့ဟာကို သူတို့ကို အကြောင်းမကြားတဲ့အတွက်ကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ငြိတယ်ဆိုပြီးတော့ စွဲတာပါ။ စွဲတာကတော့ မြို့နယ်မှူးဇော်ဝင်းပါ။” ဟု ပြောသည်။

ယင်းအပြင် သူနှင့် အတူဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာမှာ  ပုံတင်ခဲ့သူ ခုနှစ်ဦးတို့ရဲ့ ကိုယ်ရေးရာဇာဝင်များကို ယနေ့နံနက်ပိုင်းမှာ ရဲစခန်းက ခေါ်ယူမေးမြန်းပြီး ကတ်ထူပြားနှစ်ခုနှင့် အင်္ကျီတစ်ထည်ကိုလည်း သက်သေခံ အဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ကိုမျိုးမင်းထွန်းက ပြောသည်။

ကိုမျိုးမင်းထွန်းသည် ရမ်းဗြဲလူငယ်ကွန်ရက်အဖွဲ့တာဝန်ခံတစ်ဦးလည်း ဖြစ်သည်။

အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆို၍ နောက်ထပ်အမှုဖွင့် ခံထားရသူ ငါးဦးကိုတော့ ဇွန်လ ၂၁ ရက်ကပဲ ရန်ကုန်မြို့ ဆူးလေဂုံးကျော်တံတားပေါ်တွင် ဗီနိုင်းကပ်လုပ်ရှားမှုကြောင့် ကျောက်တံတားမြို့နယ်ရဲစခန်းက အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ငါးဦးကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းကို လာရောက်ကြရန် ဆက်သွယ်ထားသည်ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြောသည်။
သို့သော်လည်း ကျောက်တံတားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံထားရသူ ငါးဦးသည် မည်သည့်အဖွဲ့က၊ မည်သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က ထုတ်မပြောပေ။

“ဟုတ်ပါတယ်ဗျ။ အမှုဖွင့်ထားပါတယ်။ ငြိမ်းစုစီနဲ့ပါ။ ငါးဦးပါ။ သူတို့ကို ဆက်သွယ်ထားတယ်။ သူတို့လာဖို့တော့ ရှိမှာပါ။ ဘယ်ကလူတွေလဲဆို ဟိုဟာဖြစ်တဲ့လူတွေ့ပေါ့ဗျာ။ သူတို့လုပ်သွားတဲ့ဟာက ဘာကြောင့်လုပ်လဲ ဆိုတာတော့ မသိရသေးဘူးပေါ့။” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြောသည်။

အင်တာနက်လိုင်း ဖြတ်တောက်ထားမှု တစ်နှစ်ပြည့်လှုပ်ရှားမှုအနေဖြင့် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန်အတွက် ဇွန်လ ၂၁ ရက်နေ့မှာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့ကို အစိုးရက အင်တာနက်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၂၀၁၉ စက်တင်ဘာလထဲမှာ မြို့နယ်ငါးခုကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထပ်မံဖြတ်တောက်ခံလိုက်ရသည်။

လက်ရှိတွင် မေလ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တစ်ခုတည်းကိုသာ အင်တာနက်ပြန်ဖွင့် ပေးခဲ့ပြီး ကျန်သည့်ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝဒေသများတွင် အင်တာနက်ပိတ်ထား ဆဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly