ဟိမဝန္တာနယ်စပ်ပဋိပက္ခ တရုတ်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်

ဟိမဝန္တာနယ်စပ်ပဋိပက္ခ တရုတ်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်
Indians stage a protest against China killing Indian soldiers during a Himalayan border standoff, on June 17, 2020. Photo: Twitter

ဇွန် ၂၂

တရုတ်ကွန်မြူနစ်ပါတီထိန်းချုပ်ထားသောမီဒီယာတွင် လွတ်လပ်သောပညာရှင်တစ်ဦးကို ကိုးကားဖော်ပြခြင်းသည် ထိပ်တန်းခေါင်းဆောင်များက ၎င်းတို့အမြင်များကို လူသိရှင်ကြားဖော်ပြခြင်းမပြုဘဲ ၎င်းတို့အား ယုံကြည်လာစေရန် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသော နည်းဗျူဟာဖြစ်သည်။

Global Times ၏ ဇွန်လ ၁၇ ထုတ် သတင်းစာတွင် အနောက်ဟိမဝန္တာနယ်စပ်၌ တရုတ်နှင့်အိန္ဒိယစစ်တပ်အကြား ကျောက်တုံးကျောက်ခဲများ၊ သံချောင်းရိုက်ထားသော တုတ်များဖြင့် ခိုက်ရန်ဖြစ်ပွားမှုတွင် အိန္ဒိယစစ်သား ၂၀ ဦးသေဆုံးမှုအပေါ်လက်တုံ့ပြန်လျှင် အိန္ဒိယအနေဖြင့် ကြီးကြီးမားမားပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး တပ်ဘက်ဆိုင်ရာဖိအားပေးမှုများရင်ဆိုင်ရမည်ဟူသော ရေးသားချက်သည် ပေကျင်း၏စိတ်သဘောထားကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သော သတင်းစာက ပါကစ္စတန်သည် တရုတ်၏ ယုံကြည်စိတ်ချရသော မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပြီး နီပေါသည်လည်း တရုတ်နှင့် ရင်းနှီးဆက်နွယ်မှုရှိကြောင်း၊ နှစ်နိုင်ငံစလုံးသည် တရုတ်အဆိုပြုထားသော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ အဓိကမိတ်ဖက်များဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပြီး တင်းမာမှုမြင့်တက်လာပါက အိန္ဒိယနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများသည် ၎င်းကိုဆန့်ကျင်သော ပဋိပက္ခအတွင်းသို့ ပါဝင်ပတ်သက်လာနိုင်ကြောင်း  ဆောင်းပါးရိပ်ခြည်ပြောလိုက်ခြင်းပင်ဖြစ်သည်။ တရုတ်-အိန္ဒိယ ဆက်ဆံရေးဆိုးရွားလာခြင်းသည် တရုတ်ကိုစိန်ခေါ်ရန် အခွင့်အရေးဖြစ်လိမ့်မည်ဟု အိန္ဒိယအနေဖြင့် မယုံကြည်သင့်ကြောင်းနှင့် အဆင်အခြင်မဲ့လုပ်ရပ်များသည် အိန္ဒိယအတွက် ဆိုးရွားသောအကျိုးဆက်များကို ဖြစ်ပေါ်လာနိုင်စေသည်ဟု ရှန်ဟိုင်းအခြေစိုက် ပညာရှင်တစ်ဦး၏ရေးသားချက်ကို Global Times က ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းက နှစ်နိုင်ငံနယ်စပ် လိပ်ခဲတည်းလည်းအခြေအနေ ပေါ်ထွက်လာချိန်၌ တရုတ်သည် လေထီးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့် သံချပ်ကာယာဉ်များပါဝင်သော စစ်ရေးလေ့ကျင့်မှုကြီးကို စီစဉ်ထားကြောင်း တရုတ်၏ လက်နက်ကိုင်ပဋိပက္ခခြိမ်းခြောက်မှုကို ဇွန် ၇ ရက်က Global Times က ဖော်ပြခဲ့သည်။

တရုတ်သည် ဟိမဝန္တာဒေသတွင် ရန်သူများကို ထိခိုက်စေပြီး ၎င်း၏အနေအထားခိုင်မြဲစေရန်ရည်ရွယ်၍ အာဏာပြခြင်းနှင့် ပြီးခဲ့သည့်လများအတွင်း ရန်လိုသောမူဝါဒများကြောင့် မိတ်ဆွေထက် ရန်သူပိုများလာဖွယ်ရှိသည်။ ဧပြီလက တောင်တရုတ်ပင်လယ်၌ တရုတ်ရေယာဉ်ကြောင့် ဗီယက်နမ်ငါးဖမ်းလှေနစ်မြုပ်ခဲ့ရမှုသည် ဖိလစ်ပိုင်သမ္မတဒူတာဒေးလက်ထက်တွင် ဖိလစ်ပိုင်ကို ဗီယက်နမ်နှင့်တစ်ဖက်တည်းဖြစ်သွားစေခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇွန်လကလည်း Reed Bank ဧရိယာတွင် ဖိလစ်ပိုင်ငါးဖမ်းလှေတစ်စီး တရုတ်ရေယာဉ်တစ်စီးကြောင့် နစ်မြုပ်ခဲ့သည်။

ဇွန်လ ၄ ရက်ကပြုလုပ်ခဲ့သော အွန်လိုင်းဗီဒီယိုအစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsud က တရုတ်၏ပိုင်နက်တောင်းဆိုမှုသည် အင်ဒိုနီးရှား၏သီးသန့်စီးပွားရေးဇုန်ကို သက်ရောက်သည် ဟု ဝေဖန်ခဲ့သည်။ တရုတ်က ၎င်း၏ရေပိုင်နက်အဖြစ် တစ်ဖက်သတ် သတ်မှတ်ထားသောမျဉ်း (nine-dash-line) ဧရိယာသည် အပြည်ပြည်ဆိုင်ရာဥပဒေအခြေခံများကင်းမဲ့နေကြောင်း ဂျကာတာအစိုးရက မေ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တောင်တရုတ်ပင်လယ်၌ တရုတ်၏ပိုင်နက်ကျူးကျော်မှုကို ဆန့်ကျင်သည့် ဖိလစ်ပိုင်၏တိုင်ကြားချက်ကို မျက်နှာသာပေးခဲ့သော ၂၀၁၆ ခုနှစ် အငြင်းပွားမှုဆိုင်ရာအမြဲတမ်းခုံရုံးဆုံးဖြတ်ချက်ကို ဂျကာတာက ကိုးကားပြောဆိုခဲ့သည်။

ယခုနှစ်မေလတွင်လည်း တရုတ်ပိုင်စူးစမ်းရေးသင်္ဘောတစ်စီးသည် တောင်တရုတ်ပင်လယ်ရှိ မလေးရှားရေနံရှာဖွေရေးရေယာဉ်နှင့်အတူ နီးနီးကပ်ကပ်လှုပ်ရှားနေခဲ့သည်။ မလေးရှားပိုင် West Capella ရေနံရှာဖွေရေး သင်္ဘောသည် ၎င်း၏အစီအစဉ်များပြီးမြောက်သွားသည့်အခါ အဆိုပါရေပိုင်နက်မှ ထွက်ခွါသွားစဉ်  တရုတ် ဘူမိတိုင်းတာရေး သုတေသနသင်္ဘော Haiyang Dizhi 8 သည်လည်း အစောင့်အကြပ် တရုတ်သင်္ဘော နှစ်စီးနှင့်အတူ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများမှ လူမှုမီဒီယာများတွင်တင်သည့်အကြောင်းအရာများနှင့် နိုင်ငံတကာမှလေ့လာသုံးသပ်သူနှင့်ဒေသခံတစ်ဦးချင်းစီမှတင်ပြသော သက်သေများကို ချင့်ချိန်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်သည် မြင့်တက်လျက်ရှိသည်ကို တွေ့နိုင်သည်။

တရုတ်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခဲ့သော အငြင်းပွားဖွယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ချင်နေသည်။ ယခုနှစ် ဇန်နဝါရီလက တရုတ် သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံလာရောက်စဉ်တွင် မြစ်ဆုံစီမံကိန်းပြန်စရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ကြောင်း ကချင်ပြည်နယ်မှ အိတ်ဖွင့်ပေးစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ သမ္မတရှီသည် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ အကြောင်း တစ်လုံးမျှ မဖွင့်ဟခဲ့သည့်အချက်အပေါ် မြန်မာ့လူမှုမီဒီယာ၌ ဝေဖန်ချက်များရေးသားခဲ့ကြသည်။ တရုတ်နိုင်ငံဝူဟန်၌ ရောဂါစတင်ဖြစ်ပွားခြင်းကို တရုတ်ခေါင်းဆောင်များ ကောင်းကောင်း သိထားသော်လည်း ကျန်ကမ္ဘာ့နိုင်ငံများကို အသိမပေးခဲ့ပေ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ စီးပွားရေးစင်္ကြတည်ဆောက်မည့် တရုတ်၏အစီအစဉ်များအပေါ်လည်း မြန်မာလူမျိုးအတော်များများက အခဲမကျေဖြစ်  နေကြသည်။ ပေကျင်းသည် နိုင်ငံတကာနှင့်လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များနှင့် ကမ္ဘာ့အမြင်ကို လျစ်လျူရှုခြင်းများစွာပြုလုပ်လာခဲ့ပြီး ယခုနှစ်အစောပိုင်းက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းရေးကြေညာခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဗြိတိန်ကလည်း ဟောင်ကောင်အရေးကို ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းသည် ၁၉၈၄ ခုနှစ် တရုတ်-ဗြိတိန်သဘောတူညီချက် ကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ခဲ့သည်။

ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အိန္ဒိယကို ယုံကြည်ရသောမိတ်ဆွေဟု မကြာသေးမီက ညွှန်းဆိုခဲ့ပြီး ဇွန် ၅ ရက်ထုတ် The Economic Times သတင်းစာတွင်လည်း အိန္ဒိယ-တရုတ် နယ်စပ်ထိန်းချုပ်မျဉ်း၌ လိပ်ခဲတည်းလည်းအခြေအနေအကြား အင်ဒို-ဩစတြေးလျ မဟာဗျူဟာမြောက်ဆက်ဆံရေးကျယ်ပြန့်လာခြင်းသည် ပိုမိုထင်ရှားလာကြောင်း ဖော်ပြခဲ့သည်။

ဇွန်လ ပထမပတ်က အမေရိကန်ရေတပ်ပိုင် ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော Russell သည် ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းသွားစဉ် အမေရိကန်က တရုတ်ခေါင်းဆောင်များသို့ ပြင်းထန်သောသတင်းစကား တစ်ခုပါးခဲ့သည်။ လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအပေါ်ထားရှိသော ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်းနှင့်အမေရိကန်ရေတပ်သည် နိုင်ငံဥပဒေကခွင့်ပြုထားသော မည်သည့်နေရာ၌မဆို ပျံသန်းခြင်း၊ ရွက်လွှင့်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်ပစိဖိတ်ရေယာဉ်စုပြောရေးဆိုခွင့်ရှိသူ Rachel Maul က ပြောသည်။ ထိုသို့ရေတပ်ကင်းလှည့်ခြင်းသည် ထိုင်ဝမ်အပေါ် တရုတ်က စစ်အင်အားပြခြိမ်း ခြောက်ခြင်းကို တုံ့ပြန်ခြင်းဖြစ်ပြီး အမေရိကန်သည် ကိုဗစ်-၁၉ ကြောင့် အာရှ-ပစိဖိတ်ဒေသအတွင်း ၎င်း၏ကာကွယ်ရေးတာဝန်များကို မပျက်ကွက်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

တရုတ်၏မူဝါဒများကြောင့် ထိုင်ဝမ်နှင့်ဂျပန်အကြား အလွတ်သဘောမဟာမိတ်ဆက်ဆံရေးကိုလည်း တိုးတက်စေခဲ့ကာ ဂျပန်၏ နှစ်ပတ်လည်နိုင်ငံခြားရေးမူဝါဒအစီရင်ခံစာတွင် ထိုင်ဝမ်ကို အလွန်အရေးပါသော မိတ်ဖက်အဖြစ် ပြောဆိုခဲ့သည်။ ထိုင်ဝမ်၌ သမ္မတဆိုင်အင်ဝမ် ဒုတိယသမ္မတသက်တမ်းစတင်ထမ်းဆောင်စဉ် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ Yoshihide Sug က ဂျပန်သည် ထိုင်ဝမ်နှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် စိတ်အားထက်သန်နေကြောင်း မေလ ၂၀ ရက်က ပြောခဲ့သည်။

ဟိမဝန္တာတောင်တန်းမှသည် တောင်တရုတ်ပင်လယ်အထိ တရုတ်၏လက်တလော လုပ်ရပ်များသည် ပေကျင်းအပေါ် ကြိုတင်မသိမြင်နိုင်သောနည်းများဖြင့် တုံ့ပြန်မှုများရှိလာနေပြီး ရန်သူပတ်လည်ဝိုင်းနေသောနယ်  ပယ်အတွင်းသို့ တွန်းပို့ခြင်းခံရနိုင်ပေသည်။ အိန္ဒိယစစ်သား၂၀ အသတ်ခံရမှုကိစ္စအပါအဝင် မကြာသေးမီက တရုတ်တို့၏လုပ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံအများက ပိုမိုရှင်းလင်းသောအစီအမံတစ်ရပ်ချမှတ်ပြီး ကိုဗစ်-၁၉ အကျပ်အတည်းပြီးဆုံးသွားချိန်တွင် အဆိုပါပြောင်းလဲမှုအသစ် မည်သို့ဖြစ်ပေါ်လာမည်ဆိုသည့်အချက်မှာလည်း ပိုမိုရှင်းလင်းထင်ရှားလာပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required