"ဥပဒေကလည်း ကွက်ကြားမိုး ရွာလို့ မဖြစ်ဘူး"

"ဥပဒေကလည်း ကွက်ကြားမိုး ရွာလို့ မဖြစ်ဘူး"

ရှေ့နေ ဦးရန်နိုင်သည်  ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင် အများအပြား နေထိုင်ရာ သင်္ဃန်းကျွန်း မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အမတ်လောင်းတစ်ဦး ဖြစ်သည်။ ကနဦးတွင် ရွေးကောက်ပွဲကော် မရှင်က သူ့ဖခင်၏ နိုင်ငံသားဖြစ်မှု အခြေအနေနှင့် ပတ်သက်ပြီး သံသယဖြစ်ကာ သူ့ကို အမတ်လောင်းအဖြစ် မှ ရုပ်သိမ်းခဲ့သည်။ အယူခံ အဆင့်ဆင့် တင်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲဝင်ခွင့် ပြန်ရခဲ့သည်။

မကြာသေးခင်က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ်    မြစ်ဝကျွန်းပေါ်ဒေသ၊ မြောင်းမြဇာတိ၊ ၅၅ နှစ်အရွယ် ဦးရန်နိုင်က ရွေးကောက်ပွဲ အနိုင်ရရှိမှု အခြေအနေ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြား ဆက်ဆံရေး၊ မဘသအဖွဲ့၊ အမတ်လောင်း ရွေးချယ်ချိန်တွင် ပါတီများက အစ္စလာမ်ဘာသာဝင်တို့ကို ပစ်ပယ်ပုံတို့အကြောင်း ပြောပြထားသည်။

ဦးရန်နိုင် ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရတာလဲ။

အစ္စလာမ်ဘာသာဝင် လူနည်းစုတွေရဲ့ ပြောရေးဆိုခွင့် အခြေအနေအရ ဝင်ပြိုင်တာလို့ ပြောလို့ရမယ်။ လက်ရှိ အခင်းအကျင်းမှာတော့ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေဟာ လွှတ်တော်ထဲကို ရောက်လာ နိုင်ခြေကတော့ အရမ်းကို နည်းနေပါတယ်။ လွှတ်တော်ထဲကိုရောက် နိုင်ဖို့ဆိုတာထက် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ် လောင်းဆိုတာနဲ့ကို ဘယ်ပါတီကမှ လက်မခံတာကို တွေ့ရတယ်။ အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်ပါလိုက်ရင် သူတို့ မဲမရမှာ စိုးတယ်၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့  ဘာသာချစ် အသင်းအဖွဲ့ တွေက အထင်အမြင်လွဲမှာလို့ ယူဆကြတယ်။ NLD မှာ ကိုယ်စားလှယ်တွေကို တင်ကြပေမယ့် အနီးကပ်မှ ဖြုတ်ချလိုက်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့က မြန်မာတစ်နိုင်လုံးမှာရှိတဲ့ ပါတီဝင်တွေ အားလုံးအပေါ် မှာ ဘာသာရေးကို အကြောင်းပြပြီးတော့ ခွဲခြား ဆက်ဆံနေတယ်။  

ပါတီကြီးတွေကို အားမကိုးနိုင်တဲ့ အနေအထားမျိုး တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်ပါ တီနဲ့ကိုယ်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ကြိုးစားတယ်။ ကိုယ့်လူနည်းစုရဲ့အခွင့်အရေးကို ဘယ်ပါတီကမှ လက်မခံပေမယ့် ကိုယ့်ဘာသာ ရုန်းကန် လှုပ်ရှားမယ်ဆိုတာကို ပြတဲ့သဘောနဲ့ ဝင်ပြိုင်တာပါ။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း  မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာ ရင်းနှီး မှု နည်းလာတာကို ဘယ်လို သုံးသပ်ချင်သလဲ။

အထူးသဖြင့် ခွဲခြားဆက်ဆံမှုပေါ့။ ဒီလိုလုပ်နေတဲ့ အကြောင်းအရင်းကလည်း အစ္စလာမ်ကို ခုတုံးလုပ် နေတယ်လို့ မြင်တယ်။ ခုတုံးလုပ်ပြီးသူတို့ မဲပိုရအောင်လို့၊ အစ္စလာမ်ပါလာရင် မဲမရနိုင်ဘူးလို့ မြင်ပြီးတော့ ဒါကို ဗန်းပြပြီး မျက်ကန်း မျိုးချစ်ပုံစံမျိုး လုပ်နေတာလို့ ထင်တယ်။

ခွဲခြားဆက်ဆံမှုဆိုတာ ဘယ်လိုမျိုးလဲ။

အထင်အမြင်တွေ လွဲနေကြတာ။ ဒီလို ဆက်ဆံနေတာလည်း ဗုဒ္ဓဘာသာဝင်တိုင်း မဟုတ်ပါဘူး။ သံဃာတော်တိုင်း မဟုတ်ဘူး။ တချို့ သံဃာတော်တွေကို သိပ်ကိုချစ် ကြည်ညိုဖို့ကောင်းတယ်။ သို့သော် ဒီအစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီးတော့ အပုပ်ချပြီးတော့ မဲဆွယ်စည်းရုံးတာတို့၊ အဲဒီလိုမျိုးလုပ်မှ သူတို့ တိုးတက်မယ်လို့ ယူဆတဲ့ အဖွဲ့တွေက လုပ်နေတယ်လို့တော့ မြင်တယ်။ ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒ ဘယ်ဘက်ကပဲထားထား မကောင်းပါဘူး။

ဘာသာရေးနဲ့ နွယ်တဲ့ ပဋိပက္ခတွေ မြန်မာပြည်မှာ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေတွေ တွေ့နေရပြီလား။

အခု မြင်နေတဲ့ အနေအထားအရတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့သူတွေ တော်တော် များလာပါပြီ။  ဗုဒ္ဓဘာသာဝင်တွေ အသိုင်းအဝိုင်းကိုက နားလည်မှုရှိရှိနဲ့ ထိန်းသိမ်းတာတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းတွေက အတက်နိုင်ဆုံး ထိန်းနေတယ်လို့ မြင်ပါတယ်။ သို့သော် အဲဒီမှာလည်း သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ပြောခဲ့သလို နောက်ကွယ်က လက်မည်းကြီးတွေကတော့ ရှိနေဆဲပဲပေါ့။ အဲဒီ လက်မည်းကြီးတွေ ဘယ်လောက် အတိုင်းအတာထိ လုပ်နေမလဲ၊ သူတို့ကို ဘယ်လောက် အတိုင်းအတာအထိ တားနိုင်မလဲ ဆို တာကတော့ အထူးဖြင့် ဥပဒေစိုးမိုးရေးအပေါ်မှာ မူတည်မယ်။ ဥပဒေကလည်း ကွက်ကြားမိုးရွာလို့ မဖြစ်ဘူး။ ကျောသားရင်သား မခွဲခြားပဲ ဘယ်ဘာသာဝင်မဆို၊ ဘယ်လိုလူမျိုးမဆို ဥပဒေ တစ်စုံတစ်ရာကို ဖောက်ဖျက် လာရင် အရေးယူဖို့ လိုအပ်တယ်။ ဒါကိုသာ ထိထိရောက်ရောက် လုပ်လာနိုင်ရင် ဒီပြဿနာတွေ ပျောက်သွား မယ်လို့ ထင်တယ်။

ဥပဒေ စိုးမိုးရေးဆိုတာကို NLD က မကြာခဏ ပြောတဲ့အတွက် သူတို့ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် တကယ်ရော ဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မယ် ထင်သလား။

အခုလက်ရှိ အနေအထားထက်တော့ အများကြီးသာမယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ သည် နိုင်ငံတကာအမြင်တွေ၊ အတွေ့အကြုံတွေ ရှိတယ်။ သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာနဲ့ ရာဇသတ်ကြီး ဥပဒေမှာပါတဲ့ ထောင်ဒဏ်တွေ အားလုံးပေါင်းရင်တောင်မှ မရှိတဲ့ ပုဒ်မမျိုးတွေနဲ့ အကျဉ်းချခံရတာတွေ ဖြစ်ခဲ့ တယ်ဆိုတော့ ဥပဒေစိုးမိုးရေကို သူတို့ သေသေချာချာ လုပ်လိမ့်မယ်လို့တော့ မျှော်လင့်တယ်။

NLD မနိုင်ဘဲ အာဏာရပါတီ အနိုင်ရသွားရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

မကျေနပ်တာတို့ ဘာတို့က တစ်ကဏ္ဍထားပေါ့။ ဒီပုဂ္ဂိုလ်တွေပဲ ပြန်ရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ သက် တမ်း ၅ နှစ်ထက်တော့ နည်းနည်းလေး တိုးတက်လာမယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သူတို့ကိုယ်တိုင် သိထားတယ်။  အဲဒီဟာတွေ ပြုပြင်ဖို့ သူတို့မှာ တာဝန် ရှိတယ်၊ သူတို့သာ ဒါမလုပ်ရင်တော့ သူတို့ ကျဆုံးသွားမှာပဲ။ ဘယ်လို ကဏ္ဍတွေလဲဆိုတော့ ဥပဒေစိုးမိုးရေး တို့၊ (ဆန္ဒပြ)ကျောင်းသားပြဿနာ၊ ပြည်သူကနေ သိပ်ဘဝင်မကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းတာတို့ကို သင်ခန်းစာ ယူပြီးတော့ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာပြောင်း၊ အသစ်ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်းဒါမျိုးတွေ လုပ်လာလိမ့် မယ်လို့တော့ မျှော်လင့်တယ်။

၂ဝ၁၅ အလွန်မှာ ဘယ်သူသမ္မတ ဖြစ်သင့်တယ်လို့ ယူဆသလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်တယ်။ ဥပဒေအရတော့ သူက အတားဆီး ခံနေရတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးထဲမှာ ဦးရွှေမန်းကို ပိုပြီး သဘောကျတယ်။ ဘာ့ကြောင့်ဆိုတော့ သူက ပျော့ပြောင်းမှုရှိ တယ်၊ လွှတ်တော်ဥက္ကဋ္ဌ သက်တမ်းတလျှောက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို သူနားလည်မှုရှိတယ်။ ဝိုင်းဝန်း ကူညီပေးတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို လုပ်နိုင်တာ၊ မလုပ်နိုင်တာထားတော့၊ တကယ်နားထောင် တာလေးတွေ၊ နောက်ပြီးတော့ အတိုက်အခံ အင်အားစုတွေကို မိတ်ဘက်ပုံစံမျိုး ပူးပေါင်း ဆောင်ရွက်လာတွေ ကို မြင်လာရတယ်။

သူက ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းမှာ မရှိတော့ဘူးဆိုတော့ ပြည်ခိုင်ဖြိုး အမတ်တွေက သူ့ကို သမ္မတအဖြစ် ရွေးပါ့မလား။

အဲဒါကတော့ သူတို့ပါတီတွင်း ပြဿနာပေါ့။ ပြည်သူရဲ့ ကိုယ်စားလှယ်တွေနဲ့ နားလည်မှုရှိရှိ ပေါင်း တယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းတယ်။ ဒီကိစ္စတွေကြောင့်   မပေါင်းစေချင်တဲ့ အုပ်စုတွေ က မကျေမနပ် ဖြစ်တယ်လို့တော့ ကြားမိတယ်။ အဲဒီအတွင်းရေး ပြဿနာတွေကတော့ သူတို့ပဲ သိမှာပေါ့။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒ သက်သက် အကောင်အထည်ဖော်မှာကို မလိုလားတဲ့ အုပ်စုတွေက အခုထက်ထိ အင်အား ကောင်းဆဲပဲလို့တော့ ယူဆတယ်။

အင်အားကောင်းလာတဲ့ မဘသအဖွဲ့အပေါ်မှာရောဘ ယ်လို မြင်လဲ။

အားလုံး လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ရှိသင့်တယ်။ ကိုယ့်ဘာသာအတွက် ကိုယ့်နိုင်ငံမှာရှိ တဲ့ တခြားဘာသာဝင်တွေကို တိုက်ခိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်တွေ သည် ငြိမ်းချမ်းစွာ နေတတ်ပါတယ်၊ အင်မတန် ကြောက်တတ်ပါတယ်၊ ဥပဒေတွေ၊ အင်အားကြီးတွေကို လေး စားတတ်ပါတယ်။ အဲဒါကိုတော့ နားလည်စေချင်တယ်။ ကိုယ့်ဘာသာကို ကိုယ်စောင့်ရှောက်တာ ကောင်းပါ တယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ခြင်းသည် တခြားဘာသာကို တိုက်ခိုက်ခြင်း မဖြစ်စေချင်ဘူး။

NLD ကိုလူထုအားပေးမှု အများဆုံး ဖြစ်နေတယ်ဆိုတော့ ဦးရန်နိုင်က ရွေးကောက်ပွဲ နိုင်ချေရှိမယ် ထင်သလား။

ကျွန်တော့် မဲဆန္ဒနယ်မှာ ကျွန်တော်နဲ့ ဘာသာတူ မဲဆန္ဒရှင်တွေ ၄ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျွန်တော့် မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်မှာ ပြိုင်ကြမှာက ၁ဝ ယောက်ရှိတော့ မဲကွဲမယ့် အနေအထား လည်း တွေ့ရတယ်။  ကျွန်တော့် ဘာသာတူတွေ တလုံးတခဲထဲ ကျွန်တော့်ကို ပေးခဲ့ရင်တော့ ကျွန်တော်အနိုင ရနိုင်မယ်လို့ ထင်တယ်။ အခုနောက်ဆုံးမှာ NLD က အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်တွေကို ပယ်လိုက် တဲ့အခါ ကျွန်တော်တို့ ဘာသာဝင်တွေက တော်တော်လေး စိတ်မကောင်း ဖြစ်ကြတယ်။ အဲဒီတော့ ကိုယ့်ဘာ သာတူ ကိုယ်စားလှယ်လောင်းတွေ ပေါ်လာတာကို အားပေးနိုင်တဲ့ အလားအလာတွေ တွေ့နေရတယ်။

ရွေးကောက်ပွဲကရော လွတ်လပ် မျှတနိုင်မလား။

မဲစာရင်း မမှန်တာ တွေ့ရတယ်။ အဲဒီတော့ နည်းနည်း စိုးရိမ်စရာလေးတွေတော့ ရှိတယ်ဗျ။  ဒီဟာနဲ့ ဝှက်ဖဲတချပ် ထားတယ်လို့ ယူဆတယ်။ အခု ကြိုတင်မဲတချို့မှာ မဲမသမာမှုတွေ ဖြစ်လာတယ်လို့တော့ ကြား မိတယ်။ ဝန်ထမ်းတွေကို ဖိအားပေးတာတို့လည်း ကြားရတယ်။ နောက် ... ပယ်မဲ။ ပညာပေးရေး အစီအစဉ် တွေကလည်း အားနည်းတော့ ပယ်မဲကလည်း တော်တော်လေးတော့ စိုးရိမ်စရာ ရှိတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly