လာမယ့်နှစ်ရဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အစ္စတန်ဘူလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

လာမယ့်နှစ်ရဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အစ္စတန်ဘူလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Photo: EPA

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လစ္စဘွန်းမြို့ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အစ္စတန်ဘူလ်ဟာ ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းသွားမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြေညာခဲ့ပါတယ်။

၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အစောပိုင်းက တူရကီမြို့ရဲ့ Ataturk Olympic ကွင်းမှာ ကျင်းပဖို့ UEFA က လျာထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လစ္စဘွန်းကို အိမ်ရှင်အဖြစ် ပြောင်းလဲလိုက်ရတာပါ။ 

ဒါ့အပြင် စိန့်ပီတာစဘတ်၊ မြူးနစ်နဲ့ လန်ဒန်တို့ဟာ နောက် ၃ နှစ်တွေမှာ အိမ်ရှင်အဖြစ် အသီးသီးလက်ခံကျင်းပမှာဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ အိမ်ရှင်အသင်းတွေရဲ့ ကွင်းတွေမှာ ကစားကြမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကစလို့ ဗိုလ်လုပွဲအထိ ပေါ်တူဂီနိုင်ငံမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေကို များသောအားဖြင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ပုံစံနဲ့ ကစားလေ့ရှိပေမယ့် အခုအခါမှာ တစ်ကျော့ ကစားတဲ့ စနစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၂ ရက်ကနေ ၁၆ ရက်အထိ၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ကစားကြမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ သြဂုတ် ၂၃ ရက်နေ့မှာ ဘင်ဖီကာအသင်းရဲ့ အိမ်ကွင်း Estadio da Luz ကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required