ဘာစီလိုနာအတွက် မက်ဆီ ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဆက်တီယန် ပြော

ဘာစီလိုနာအတွက် မက်ဆီ ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဆက်တီယန် ပြော
Photos: EPA & AFP

လီယွန်နယ် မက်ဆီဟာ လာလီဂါရာသီအဆုံးသတ်ထိ ဖြတ်သန်းဖို့အတွက် သူ့ရဲ့ ကြံ့ခိုင်မှုကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိရှိထားမှာဖြစ်ပေမယ့် စနေနေ့မှာ ဘာစီလိုနာက မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်မယ့် လာလီဂါပွဲစဉ်မတိုင်ခင် ဘာဒဏ်ရာပြဿနာမှ မရှိဘူးလို့ နည်းပြ ကီကေး ဆက်တီယန်က ပြောပါတယ်။

မက်ဆီဟာ ပေါင်ကြွက်သားဒဏ်ရာရရှိနေလို့ ပြီးခဲ့တဲ့ အပတ်က အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ် ၃ ကြိမ် မဆင်းနိုင်ပေမယ့် တနင်္လာနေ့ကစပြီး လေ့ကျင့်ခန်းအပြည့် ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

"သူ ဒဏ်ရာပြဿနာ ကင်းရှင်းနေပါပြီ။ သူ့ရဲ့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းအဆုံးထိ ပြုလုပ်ခဲ့ပြီး သူဟာ ကောင်းမွန်တယ်လို့ ခံစားနေပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။"လို့ ဆက်တီယန်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သုံးလရပ်ဆိုင်းပြီးနောက် ဘာစီလိုနအသင်းဟာ မာယော့ကာနဲ့ အဝေးကွင်းကို ပြန်လည်စတင်မှာဖြစ်ပါတယ်။ လာလီဂါပြိုင်ပွဲဟာ ကြာသပတေးနေ့က ပြန်လည်စတင်ခဲ့ပြီး အသင်းတိုင်းဟာ ၃၉ ရက်အတွင်း လက်ကျန် ၁၁ ပွဲကို ကစားပြီး ဇူလိုင် ၁၉ ရက်မှာ ရာသီပိတ်သိမ်းမှာဖြစ်ပါတယ်။

မက်ဆီဟာ ၁၁ ပွဲလုံးကို ကစားနိုင်မလားလို့ မေးမြန်းရာ ဆက်တီယန်က "ကံကောင်းစွာနဲ့ပဲ မက်ဆီနဲ့ ကစားသမားတော်တော်များများက သူတို့ကိုယ်သူတို့ ဘယ်လိုကိုင်တွယ်စီမံရမယ်ဆိုတဲ့ အတွေ့အကြုံကို သိထားကြပါတယ်။ အန္တရာယ်တစ်ခုခုရှိလာမယ်ဆိုရင် သူအနားယူဖို့ လိုအပ်တယ်လို့ ပထမဆုံး သူဘက်က ပြောလာမှာပါ။"လို့ ပြောပါတယ်။

ဆက်တီယန်က ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် ကစားနိုင်မယ်လို့ ပြောပေမယ့် ကြံ့ခိုင်မှုအပြည့်ရရှိဖို့ အချိန်လိုအပ်ဦးမယ်လို့လည်း ယုံကြည်နေပါတယ်။

"သူကစားနိုင်ဖွယ်ရှိတယ်။ ဒါပေမယ့် ပွဲအစအဆုံး ကစားနိုင်ဖို့အတွက်တော့ မဟုတ်သေးပါဘူး။"လို့ ဆက်တီယန်က ပြောပါတယ်။

ဘာစီလိုနာကတော့ လာလီဂါမှာ ရီးယဲလ်မက်ဒရစ်ထက် နှစ်မှတ်အသာစီးရရှိကာ ဦးဆောင်နေတာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly