ရှမ်းမြောက်ပိုင်းတိုက်ပွဲများရပ်ရန် မြန်မာကောင်စစ်ဝန်ရုံး နှင့် အမေရိကန်ကောင်စစ်ဝန်ရုံးကို အိတ်ဖွင့်ပေးစာပို့

ရှမ်းမြောက်ပိုင်းတိုက်ပွဲများရပ်ရန် မြန်မာကောင်စစ်ဝန်ရုံး နှင့် အမေရိကန်ကောင်စစ်ဝန်ရုံးကို အိတ်ဖွင့်ပေးစာပို့

ချင်းမိုင်၊ နိုဝင်ဘာ ၆ ။            ။ ရှမ်းပြည်နယ်အလယ်ပိုင်းတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၆၀၀၀ကျော် ထွက်ပြေးနေရသည့်အတွက် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှု ချက်ချင် ရပ်တန့်ရန် နှင့် ယင်းလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း ပြည်တွင်း/ပြည်ပရှိ ရှမ်းအဖွဲ့အစည်း ၂၇ဖွဲ့က မြန်မာ ကောင်စစ်ဝန်ရုံးနှင့် အမေရိကန်ကောင်စစ်ဝန်ရုံးသို့ အိတ်ဖွင့်ပေးစာ ပေးခဲ့သည်။

အစိုးရ စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် (SSPP/SSA)တို့အကြား ဖြစ်ပွားနေသော တစ်လပြည့်နေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီတွင် ပေးပို့သော အိတ်ဖွင့်ပေးစာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင် စစ်ဝန်ရုံးက လက်မခံဘဲ တရားဝင် စာတိုက်မှ ပေးပို့ရန် ပြောဆိုခဲ့သည်ဟု ရှမ်းလူထု အခြေပြုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ရေးလှုပ်ရှားမှု ဆောင်ရွက်ရေးအသင်း(WWAN)မှ ယိင်းဟန်ဖက သတင်းထောက်များကို ပြောသည်။

“မြန်မာကောင်စစ်ဝန်ရုံးကတော့ ကျမတို့စာကို လက်မခံပေးပါဘူး။ တရားဝင်အနေနဲ့ စာတိုက်ကနေ မှတ်ပုံတင်ပြီးတော့ ပို့ပေးပါလို့ အကြောင်းပြန်ပါတယ်။ ကောင်စစ်ဝန်ကိုယ်တိုင်ကလည်း တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်”ဟု ယိင်းဟန်ဖက ပြောသည်။

ထို့ပြင် ၎င်းအိတ်ဖွင့်ပေးစာကို အမေရိကန်ကောင်စစ်ဝန်ရုံးသို့လည်း သွားရောက် ပေးပို့ခဲ့ရာ အမေရိကန် ကောင်စစ်ဝန် ခရီးထွက်နေသဖြင့် လာမည့် နိုဝင်ဘာလ ၉  ရက် တနင်္လာနေ့မှ စာလာပို့ရန် ပြောဆိုခဲ့သည်ဟု ယိင်းဟန်ဖက ပြောသည်။

“မြန်မာအစိုးရကို တဖက်တလမ်းက ပံ့ပိုးပေးတာလည်း အမေရိကန်အစိုးရက အများဆုံးပံ့ပိုးပေးတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့လည်း တိုက်ပွဲဖြစ်နေတာကို သိရက်နဲ့ တရားဝင်မပြောဘူး။ အဲဒါကြောင့်မလို့ ဂျွန်းကယ်ရီလာ တုန်းကလည်း ပေးတယ်။ အိုဘားမားလာတုန်းလည်းလည်း ထပ်လာပေးတယ်။ ဒါပေမဲ့ တိုက်ပွဲတွေရပ်ဖို့ တရားဝင်မပြောလို့ ထပ်ပြီး လာတောင်းဆိုတာ ဖြစ်တယ်”ဟု သူက ပြောသည်။

မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း၊ ကျေးသီးမြို့နယ် လေးခုမှ ကျေးရွာ ၂၂ ရွာမှ စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်သည် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့သည် လက်ရှိ ယာယီတဲများတွင်သာ နေထိုင်နေကြပြီး ကာကွယ်စောင့်ရှောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုများ အရေးပေါ် လိုအပ်နေသည်ဟု ယိန်းဟန်ဖက ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်စခန်းအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုပေးရန် သွားရောက် ကူညီထောက်ပံ့ရန် ခက်ခဲနေသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် သတင်းကျွတ်လပြည့်နေ့တွင် အစိုးရ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းသည် နေပြည်တော် အစိုးရမှ လူ့အခွင့်အရေးများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ရရှိရန်ကိုလည်း ပိတ်ပင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် တိုက်ပွဲတွေ ရပ်ပေးရမယ်။ အခုရွေးကောက်ပွဲ ကာလမှာလည်း ပြည်သူလူထုတွေ မဲပေးချင်ကြတယ်။ တိုက်ပွဲဖြစ်လို့ မဲမပေးရဘူး။ ၆ ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြတယ်။ ဆောင်းရာသီလည်းဖြစ်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒုက္ခသည်တွေ ကိုယ့်အိမ်ကို ပြန်နိုင်အောင် စစ်ပွဲတွေ ရပ်အောင်ဆိုပြီး ဒီစာကို ထုတ်ခြင်း ဖြစ်ပါတယ်”ဟု ယိန်းဟန်ဖက ပြောသည်။

နေပြည်တော်မှ စစ်ဆင်ရေးဗျူဟာများဖြစ်သော ရှမ်းပြည်နယ်အလယ်ပိုင်းနှင့် အခြားတိုင်းရင်းသား နယ်မြေများအတွင်း ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပေးရန်နှင့် တိုင်းရင်းသားနယ်မြေများအတွင်း ငြိမ်းချမ်းရေးအကြောင်းပြကာ အကြီးစားစီမံကိန်းဖြစ်သော ရေကာတာဆောက်လုပ်ရေးများ အပါအဝင် သယံဇာတအရင်အမြစ် ထုတ်လုပ်မှုလုပ်ငန်းများကို ချက်ချင်း ရပ်ဆိုင်းပေးရန် ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ကျင်းပနေသော ရွေးကောက်ပွဲကို လာရောက် စောင့်ကြည့်သူများမှ တိုင်းရင်းသား လူထုများအပေါ် နေပြည်တော် အစိုးရ စစ်တပ်က ထိုးစစ်ဆင်နေမှုကို ကျယ်ပြန့်စွာ ရှုတ်ချပေးပါရန်နှင့် နိုင်ငံတကာ အလှူရှင်များကလည်း ရှမ်းပြည်နယ် အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ထွက်ပြေး တိမ်းရှောင်နေရသူများအား လူသားချင်းစာနာထောက်ထားမှုကို လူထုအခြေ စိုက်အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တဆင့် အကူအညီပေးပါရန် တိုက်တွန်းနိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly