ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကွင်းလယ်ကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ် သတ်မှတ်ခံရ

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကွင်းလယ်ကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ် သတ်မှတ်ခံရ
Photos: EPA

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ စတင်နိုင်ခဲ့ပြီးနောက်မှာ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအမြင့်ဆုံးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ 

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီလက စပို့တင်းအသင်းကနေ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းသစ်မှာ ပုံစံကောင်းပြသနိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ဒီအတွက် အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ စျေးကွက်သုတေသနအဖွဲ့ CIES ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးစာရင်းမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့အထိ သက်ရောက်မှုရှိခဲ့တာပါ။ 

စျေးကွက်သုတေသနအဖွဲ့ CIES က ထိပ်သီးလိဂ် ၅ ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ လီဂူး-၁) က ခန့်မှန်းတွက်ချက်ထားတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးကစားသမား အယောက် (၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ခန့်မှန်းတွက်ချက်မှုများအရ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်သာမက ယူရို ၁၀၄.၉ သန်း (ပေါင် ၉၃.၆ သန်း ဝန်းကျင်)နဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကွင်းလယ်ကစားသမားလည်းဖြစ်ပါတယ်။ 

သူဟာ ချယ်လ်ဆီးရဲ့ မေဆန် မောင့် (ယူရို ၁၀၂.၅ သန်း)နဲ့ ဘာစီလိုနာရဲ့ ဒီယွန်း (ယူရို ၁၀၂.၁ သန်း)တို့ရဲ့အထက်မှာ ရပ်တည်ခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းရဲ့ အမ်ဘာပေက ခန့်မှန်းတန်ဖိုး ယူရို ၂၅၉.၂ သန်းနဲ့ နေရာအားလုံး (တိုက်စစ်၊ ကွင်းလယ်၊ ခံစစ်)မှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

အမ်ဘာပေရဲ့နောက်မှာတော့ ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၁၉၄.၇ သန်းနဲ့ မန်ချက်စတာစီးတီးရဲ့ စတာလင်က ဒုတိယ၊ ဒေါ့မွန်ကြယ်ပွင့်နဲ့ ယူနိုက်တက်ရဲ့ ပစ်မှတ် ဆန်ချိုက ယူရို ၁၇၉.၁ သန်းနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။ 

လီဗာပူးလ်ရဲ့ အလက်ဇ္ဒား အာနိုးလ်က အဆင့် ၄ နေရာမှာ ရှိပြီး ယူရို ၁၇၁.၁ သန်းနဲ့ ဒီစာရင်းမှာ တန်ဖိုးအမြင့်ဆုံးနောက်ခံလူဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ရပ်ရှ်ဖို့ဒ်က ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၁၅၂.၃ သန်းနဲ့ အဆင့် (၅)နေရာမှာ ရပ်တည်နေပါတယ်။ 

Ref; Manchester Evening News 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly