အောင်လအန်ဆန်၊ Nakashima တို့နဲ့ စမ်းသပ်ခံချင်နေတဲ့ Abbasov

အောင်လအန်ဆန်၊ Nakashima တို့နဲ့ စမ်းသပ်ခံချင်နေတဲ့ Abbasov

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာဂျစ္စ တန်အားကစားသမား Kiamrian “Brazen” Abbasov ဟာ ပြိုင်ပွဲတွေနဲ့ အလှမ်းဝေနေတာ လအနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့လည်း မ ကြာခင် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ ကြိုးဝိုင်းထဲပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ Novorosfight အသင်းသား ၎င်းဟာ ဝယ်သာဝိတ်တန်းမှာ သာမက တစ်တန်းပိုမြင့်တဲ့ မစ်ဒယ်ဝိတ်တန်းက ထိပ်တန်းကစားသမားတွေနဲ့ ထိုးသတ်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ နပမ်းကစားသမားအဖြစ် အားကစားနယ်ပယ်ထဲ ဝင်ရောက်လာတဲ့ Abbasov ဟာ ငယ်စဉ်က ခက်ခဲကြမ်းတမ်းတဲ့ဘဝ ခရီးလမ်းကို ဖြတ်သန်းခဲ့ရပြီး ဘဝနာခဲ့သူလို့ ဆိုနိုင်ပါတယ်။ ၎င်းဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆွီဒင်အားကစားသမား Zebaztian “The Bandit” Kadestam ကို စိန်ခေါ်ထိုးသတ်ခဲ့ပြီး အသာစီးယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် အ မှတ်နဲ့အနိုင်ရကာ ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကြီးမားတဲ့ Abbasov ဟာ ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုရယူနိုင်ဖို့ ကြိုးစားလေ့ကျင့်လျက်ရှိပြီး ဝယ်သာဝိတ်တန်းထက် တစ် တန်းပိုမြင့်တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကိုပါ ရယူဖို့ပစ်မှတ်ထားနေတာပါ။ လက်ရှိမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်း ရပ်စ်(COVID-19)ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအရ အသွားအလာ ကန့်သတ်မှုတွေရှိနေတာကြောင့် ပြိုင်ပွဲတွေကျင်းပနိုင်ခြင်း တော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ရုရှားနိုင်ငံသူ ဇနီးသည်ကြောင့် ဆံထုံးနောက်လျှောင်ပါခဲ့တဲ့ ၎င်းဟာ ရုရှားနိုင်ငံ၊ နိုဗိုရော့ဆီးမြို့က နေအိမ်မှာပဲ လေ့ကျင့်မှုတွေ ပြုလုပ်နေရပါတယ်။ လေ့ကျင့်မှုကို မပြတ်တမ်းပြုလုပ်နေမှသာ ပြိုင်ပွဲတွေပြန်လည်ကျင်းပတဲ့ အချိန်ကျရင် အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ONE ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော့်ပရိ သတ်တွေကလည်း ဒီလိုဖြစ်စေချင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေကလည်း ကမ္ဘာ့ချန်ပီယံဖြစ်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြပြီး သူတို့တွေ စိတ်ပျက်မသွားအောင် စွမ်း ဆောင်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ပြိုင်ပွဲတွေ ပြန်လည်ထိုးသတ်ချင်နေပါပြီ။ ရှေ့ဆက်ကြုံတွေ့ရမယ့် တိုက်ပွဲအတွက် လေ့ကျင့်မှုကို အ ရင်အတိုင်း ပြန်လုပ်ချင်နေပြီ။ အနားယူနေရတာလည်း ကြာပြီလေ” လို့ အသက် ၂၆ နှစ်အရွယ် Abbasov က ဆိုပါတယ်။

ကစားသမားဘဝတစ်လျှောက် ၂၂ ပွဲနိုင်၊ ၄ ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားတဲ့ ၎င်းက နောက်ထပ်ယှဉ်ပြိုင်ရမယ့်ပြိုင်ပွဲကို ချန်ပီယံခါးပတ်ကာ ကွယ်ပွဲ ဖြစ်စေချင်တယ်လို့လည်း ဖွင့်ဟပါတယ်။ ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် စိန်ခေါ်လာသူ ဘယ်သူနဲ့မဆိုရင် ဆိုင်ဖို့အသင့်ရှိနေပေမဲ့လည်း ရှုံးပွဲမရှိသေးတဲ့ အမေရိကန်အားကစားသမား James Nakashima နဲ့ဆိုရင် ပွဲကောင်းတစ်ပွဲဖြစ်လာမယ် လို့ Abbasov က သုံးသပ်ပါတယ်။ NJCAA နပမ်းချန်ပီယံ Nakashima ဟာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားက စားသမားအဖြစ် စတင်ယှဉ်ပြိုင်ခဲ့ချိန်ကစလို့ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးဘဲ ၁၂ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

“ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် ဘယ်သူနဲ့ပဲဖြစ်ဖြစ် ထိုးချင်တယ်။ ဒါပေမဲ့ Nakashima က ကျွန်တော်နဲ့ထိုးသတ်ဖို့ ထိုက်တန် တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ရှုံးပွဲလုံးဝမရှိသေးသလို အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ပါပဲ။ သူနဲ့သာ ထိုးသတ်ခွင့်ရမယ်ဆိုရင် အရမ်းကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ ၎င်းက ချန် ပီယံခါးပတ် ကာကွယ်ပွဲနဲ့ပတ်သက်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း Abbasov ရဲ့အတွေးထဲမှာ ပြိုင်ဘက်က Nakashima တစ်ယောက်တည်းသာ ရှိနေတာမဟုတ်ပါဘူး။ လိုက်ဟဲဗီးဝိတ်တန်း နဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်လည်း ပါဝင်နေပါတယ်။ နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားတဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း သရဖူကာကွယ်ပွဲအတွက် ပြိုင်ဘက်ဟောင်း Vitaly Bigdash နဲ့ထိုးသတ်ဖို့ စီစဉ်ထားပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။ Abbasov ရဲ့ရည်မှန်းချက်က ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ်အပြင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကိုပါ ရယူချင်နေတာပဲဖြစ်ပါတယ်။

“ကျွန်တော် မစ်ဒယ်ဝိတ်တန်းကို တက်ထိုးချင်တယ်။ ချန်ပီယံခါးပတ်အတွက် လက်ရှိကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ထိုး သတ်ချင်တယ်။ အခုထိတော့ သတင်းတစ်စုံတရာ မထွက်သေးပေမဲ့လည်း ဒီပွဲစဉ်က ဖြစ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပွဲက ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ရပါစေ ကျွန်တော် ဂရုမစိုက်ပါဘူး။ အရေးလည်း မကြီးပါဘူး။ ကျွန်တော် ဘယ်သူနဲ့ယှဉ်ပြိုင်ရမလဲဆို တာ ONE က သတ်မှတ်ပေးမှာပါ။ အဲဒါက သူတို့အလုပ်ပါ။ ကျွန်တော့်အလုပ်ကတော့ ကျွန်တော်နဲ့ထိုးသတ်ရမယ့်ပြိုင်ဘက်ကို ဖယ်ရှား ပစ်ဖို့ပါပဲ” လို့ Abbasov က ယုံကြည်ချက်အပြည့်နဲ့ ကြုံးဝါးပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly