ပါတီစည်းရုံးအလုပ် သမ္မတမလုပ် ချစ်ခင်သူများက ကြည်သာရွှင်ပြ ကြိုဆိုကြခြင်းဟု ကော်မရှင် ဖြေရှင်း

ပါတီစည်းရုံးအလုပ် သမ္မတမလုပ် ချစ်ခင်သူများက ကြည်သာရွှင်ပြ ကြိုဆိုကြခြင်းဟု ကော်မရှင် ဖြေရှင်း

သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်းခရီးစဉ်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် စည်းရုံးရေး ခရီးစဉ်များမဟုတ်ဘဲ လေးစားသူများက ဝမ်းပမ်းတသာ ကြည်သာရွှင်ပြ ကြိုဆိုကြခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၅ ရက် ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်ကြားထားသည်။

သမ္မတ၏ ပြည်တွင်း ခရီးစဉ်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ်စည်းရုံးသည့် သဘောဆောင်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

တင်ပြချက်တွင် “ပြည်ခိုင်ဖြိုး ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် ဗီနိုင်း ဆိုင်းဘုတ်များတွင် သမ္မတ၏ ဓာတ်ပုံကို ဖေါ်ပြထားခြင်း”ဟု ပါဝင်သည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပြန်ကြားစာတွင်မူ “ပါတီ စည်းရုံးရေး မဟုတ်ကြောင်း သိသာ ထင်ရှားစွာ တွေ့ရပါသည်” ဟု ပြန်ကြားထားသည်။ “သမ္မတသည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား သွားရောက် ဆွေးနွေး ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်” ဟုလည်း ဖေါ်ပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း (၂၀၁၅) တွင်လည်း သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံကို ဖေါ်ပြထားခြင်းကြောင့် “သမ္မတ ဦးသိန်းစိန် အနေဖြင့် နိုင်ငံရေး ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း ထင်ရှားပါသည်” ဟုလည်း NLD က ဆိုထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြန်ကြားမှုတွင် “သမ္မတအား ချစ်ခင်လေးစားသော လုပ်သား ပြည်သူများနှင့် ပါတီဝင်ထုမှ ကြိုဆိုခြင်းသည် ယင်းတို့၏ ဆန္ဒအတိုင်း ဝမ်းပမ်းတသာ ကြည်သာရွှင်ပြ ကြိုဆိုနှုတ်ဆက်ကြကြောင်း ပြည်သူလူထု၏ ပုံရိပ်တွင် ထင်ရှားစွာ ပေါ်လွင်နေသည်” ဟုလည်း ကော်မရှင်ကဆိုသည်။

သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ပုဒ်မ ၆၄နှင့် ၆၅ တို့ကို ချိုးဖေါက်နေသည်ဟု NLD က ဆိုထားရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ “နိုင်ငံတော် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ တည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော ခရီးစဉ်ဖြစ်သည်” ဟုလည်း ကော်မရှင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required