သဘာဝပတ်ဝန်းကျင်ကျန်းမာရေးသည် လူသား၏ကျန်းမာရေး

သဘာဝပတ်ဝန်းကျင်ကျန်းမာရေးသည် လူသား၏ကျန်းမာရေး

ဇွန်  ၅

ယနေ့သည် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည်။

၁၉၇၄ ခုနှစ်ကတည်းက ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟုသတ်မှတ်ကာ နိုင်ငံပေါင်း ၁၉၀ ကျော်က အစိုးရများ၊ လုပ်ငန်းရှင်များ၊ ထင်ပေါ်ကျော်ကြားသူများနှင့် ပြည်သူပြည်သားများကို သဘာဝပတ် ဝန်းကျင်ကိစ္စရပ်များအတွက် လုပ်ဆောင်ကြရန် သတိပေးနှိုးဆော်မှုပြုကြသည်။

ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Biodiversity” ဟု သတ်မှတ်ထားပါသည်။ ဒီနှစ်မှာ ကမ္ဘာသူကမ္ဘာသားတို့ကို COVID-19 က လော့ဒ်ဒေါင်းချသောအတွေ့အကြုံက လတ်လတ်ဆတ်ဆတ်ပင်ရှိနေပါသေးရာ ကမ္ဘာကြီး၏ ကျန်းမာရေးသည် လူသား၏ကျန်းမာရေးဖြစ်သည်ကို သတိပေးခေါင်းလောင်းသံပင်ဖြစ်တော့သည်။

ကျွန်တော်တို့ စားသုံးနေသော အစားအစာ၊ သောက်နေသော ရေ၊ ရှုရှိုက်နေသော လေတို့သည် ကမ္ဘာကြီးနှင့် ကျွန်တော်တို့ပတ်ဝန်းကျင်၏ ရာသီဥတုကောင်းမွန်မှုအပေါ် မှီတည်နေကြသည်။ ကမ္ဘာပေါ်တွင် မျိုးစိတ်ကွဲပေါင်း ရှစ်သန်းရှိရာ ၎င်းအဖြစ်ကို Biodiversity ဟု ခေါ်ဆိုကာ ကောင်းစွာလည်ပတ်နေသော ဂေဟစနစ်လိုအပ်ပေသည်။

ဒီနေ့ခေတ်ကာလလောက် ဘယ်တုန်းကမှ မလုပ်ဖူးခဲ့ကြသော မြေကမ္ဘာထဲက ထုတ်ယူမှုတွေလုပ်နေကြသည်။ ကမ္ဘာ့လူဦးရေတိုးနှုန်းကလည်း နှစ် ၅၀ အတွင်း နှစ်ဆတိုးသွားကာ ပစ္စည်းများ သုံးစွဲမှုနှုန်းကလည်း အလွန်တိုးနေသည်။ လွန်ခဲ့သော ဆယ်စုနှစ် သုံးစုအတွင်း ဓာတ်သတ္တု၊ ရုပ်ကြွင်းလောင်စာတွေထုတ်ယူမှုက ၈၀ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ကမ္ဘာ့သမုဒ္ဒရာထက်ဝက်ကျော်မှာ ငါးဖမ်းမှုတွေလုပ်နေကြသည်။

မြန်မာနိုင်ငံကကော ဘယ်လိုရှိပါသလဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ဆိုလိုက်လျှင် လူပေါင်း သိန်းနဲ့ချီသေဆုံးခဲ့ရသော နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို မြန်မာတို့ ခံစားကြရဖူးသည်။ လွန်ခဲ့သော နှစ် ၂၀ အတွင်း လေ့လာထားသော အချက်အလက်များအရ မြန်မာနိုင်ငံသည် ရာသီဥတုဖော်ပြန်မှုဒဏ်ကို ဒုတိယမြောက်အဆိုးရွားဆုံးခံရသော နိုင်ငံဖြစ်သည်ဟု သုတေသနပြုချက်များက ဖော်ပြနေကြသည်။ 

ရေခဲပြင်များအရည်ပျော်ဆင်းမှုမှသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုက ဆားငံရေဝင်ရောက်မှုဧရိယာာတိုးလာကာ စိုက်ပျိုးရေးနှင့် ရေချိုသံယံဇာတကိုထိခိုက်လာစေသည်။ အပူချိန်မြင့်တက်မှုကို ပိုတွေ့လာ ကြရသည်။ လယ်ယာစိုက်ပျိုးသူအများစုဖြစ်သောနိုင်ငံတွင် မိုးရွာချိန်တွင် မိုးမရွာ၊ မိုးနည်းရမည့်အချိန်တွင် မိုးများစေသော မုတ်သုန်ပြောင်းလဲမှုက ဝန်ပိနေကြသည်။ အပူချိန်မြင့်တက်မှုနှင့် မိုးခေါင် ရေကြီးမှုဒဏ်က ခပ်စိတ်စိတ်ကြုံလာနေရသည်။  

လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုအတွင်း သစ်တောတွေကို အတားအဆီးမရှိ ခုတ်လှဲပစ်ကြသည်။မြေပြင်မှာတင်မကပါ။ စစ်တမ်းတစ်ခုအရ နှစ် ၂၀အတွင်းမှာ မြန်မာနိုင်ငံမှာရှိ လမုတော ၆၀ ရာခိုင်နှုန်း ယာယီ သို့မဟုတ် အပြီးသတ်ခုတ်လှဲအသုံးပြုခံခဲ့ရသည်ဟုဆိုသည်။ တောင်ယာမီးရှို့မှုက အစဉ်အလာတစ်ခုဖြစ်သည်။

ဒီလိုသာ ဆက်သွားနေရင်ဖြင့် ကျွန်တော်တို့သက်တမ်းမှာပင် ကမ္ဘာ့ကပ်ဘေးကြီးတွေကို နောက်ထပ်ကြုံကြရဦးမှာဖြစ်သည်။ COVID-19 က ကျွန်တော်တို့၏ နေထိုင်စားသောက်ပုံတွေကို သဘာဝနှင့်လိုက်လျောညီထွေဖြစ် စေရန် ပြောင်းလဲပစ်ဖို့ ကမ္ဘာကြီးကို ခေတ္တရပ်တန့်လိုက်ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များက ဆယ်စုနှစ်တွေချီ၍ သတိပေးနေမှုကို ကျွန်တော်တို့ နားထောင်ကြဖို့ လိုအပ်နေပြီဖြစ်သည်။ ကျွန်တော်တို့သည် ကမ္ဘာလောကကြီးမှ မျိုးစိတ်တစ်ခုဖြစ်သည့်နှင့်အညီ ကမ္ဘာကြီး၏ကျန်းမာရေးကို စောင့်ရှောက်ဖို့လိုနေပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly