ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာနိုင်သည့် လူငယ်ကစားသမားငါးဦးကို စီရော်နယ်ဒိုရွေးချယ်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာနိုင်သည့် လူငယ်ကစားသမားငါးဦးကို စီရော်နယ်ဒိုရွေးချယ်

မက်ဒရစ်၊ နိုဝင်ဘာ ၆ ။         ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို သုံးကြိမ်ရရှိထားသည့် ပေါ်တူဂီနှင့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဘောလုံးလောကတွင် ထိပ်ဆုံးသို့ရောက်ရှိလာနိုင် သည့်လူငယ်ကစားသမားငါးဦးကို ရွေးချယ်လိုက်သည်။

စီရော်နယ်ဒိုသည် ၂၀၀၃ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ရောက်ရှိလာချိန်တွင် ယခု၎င်းရွေးချယ်ခဲ့သည့် ကစားသမားများကဲ့သို့ အနာဂတ်တောက်ပနေသည့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

မန်ယူတွင် ပရီးမီးယားလိဂ်ဖလားသုံးလုံးနှင့် ချန်ပီယံလိဂ်ဖလားတစ်လုံးအပါအဝင်အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် ရီးယဲလ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်မှုများထပ်ခံရရှိခဲ့သည်။

စီရော်နယ်ဒို ရွေးချယ်ခဲ့သည့် လူငယ်ကစားသမားများမှာ ရီးယဲလ်အသင်းဖော် နော်ဝေကွင်းလယ်ကစားသမားလေး အိုဒီဂတ်၊ ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဟက်ဇက်၊ ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဂ်ဘာ၊ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဒီပေးနှင့် ပြိုင်ဘက်ဘာစီလိုနာအသင်းမှ ဘရာဇီးတိုက်စစ်မှူးနေမာတို့ ဖြစ်သည်။

 'ကမ္ဘာကျော်ဖြစ်လာနိုင်တဲ့လူငယ်ကစားသမားအများကြီးရှိပါတယ်။ အဲ့ဒီထဲက အိုဒီဂတ်ကို ကျွန်တော်ပထမဆုံးရွေးချင်ပါတယ်။ သူ့အသက်က ၁၆ နှစ်ပဲရှိသေးပေမယ့် တကယ့်ကစားသမားကောင်း ဆိုတာ မြင်နိုင်ပါတယ်။ ပြီးတော့ ဟက်ဇက်နဲ့ ဒီပေးတို့ဟာ အလွန်ကောင်းတဲ့ကစားသမားတွေဖြစ်သလို ပေ့ါဂ်ဘာနဲ့ နေမာတို့ကလည်း ကမ္ဘာ့အကောင်ဆုံး ကစားသမားတွေဖြစ်လာနိုင်ပါတယ်' ဟု စီရော်နယ်ဒိုက ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly