ကိုယ်စားလှယ်လောင်းတစ်ဦး ပွဲမဝင်ခင် NLD ဆုံးရှုံး

ကိုယ်စားလှယ်လောင်းတစ်ဦး ပွဲမဝင်ခင် NLD ဆုံးရှုံး

ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်သာ လိုတော့သည့် အချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ် မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သည် ရုတ်တရက် ကွယ်လွန်သွားခြင်းကြောင့် အမတ်လောင်းတစ်ဦး NLD ပါတီ ဆုံးရှုံးသွားခဲ့သည်။

နိုဝင်ဘာ ၆ ရက်က ပါတီ စည်းရုံးလှုံ့ဆော်ရေး အလှပြယာဉ်ပေါ်၌ သီချင်းသီဆို ဖျော်ဖြေရင်း ရုတ်တရက် ကွယ်လွန်သွားခြင်းဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက အတည်ပြုသည်။

''သူက ဒီနေ့ မြို့တွင်း ယာဉ်တွေနဲ့ လှည့်လည်နေစဉ် ရုတ်တရက်လဲကျပြီး ၁၀ နာရီ ၄၅ မိနစ် ဆေးရုံရောက်တယ်။ ၁၁ နာရီ ၅ မိနစ်မှာဆုံးသွားပါတယ်။ ဆရာဝန်ဆေးစစ်ချက်အရ နှလုံးသွေးကြော ပိတ်တာလို့ပြောပါတယ်။ NLD က ဦးစိုးမြင့် သေဆုံးတာ ကျွန်တော်တို့ကော်မရှင်ရုံးကို စာတင်တာမရှိ ပေမယ့် ဖုန်းသတင်းပို့ပါတယ်။ ကျွန်တော်တို့ ခရိုင်အဆင့်ဆင့်ကို ဆက်လက်တင်ပြပါတယ်။ အပြောင်းအလဲတော့လုပ်လို့ မရတော့ဘူး။ တိုင်းဒေသကြီး ၁ မှာယှဉ်ပြိုင်သူ သုံး ဦးရှိတယ်။ ဦးစိုးမြင့်ဆုံးသွားတော့ ကျန်တဲ့နှစ်ဦးဘဲ ယှဉ်ပြိုင်ရတော့မှာပါ။'' ဟု မြင်းမူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးတင်အောင်ဝင်းက မဇ္ဈိမသို့ပြောကြားသည်။

မြင်းမူမြို့နယ်မဲဆန္ဒနယ် ၁ တွင် ဦးစိုးမြင့် ရုတ်တရက်သေဆုံးသွား၍ တ.စ.ည ပါတီမှ ဦးကျော်စိုးဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်းမြင့်တို့ နှစ်ဦးသာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required