အိန္ဒိယ၌ COVID-19 သွေးနမူနာများကို မျောက်အုပ်က တိုက်ခိုက်အလစ်သုတ်

အိန္ဒိယ၌ COVID-19 သွေးနမူနာများကို မျောက်အုပ်က တိုက်ခိုက်အလစ်သုတ်

မေ ၃၀

အိန္ဒိယနိုင်ငံတွင် ဆေးဖက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား မျောက်များက တိုက်ခိုက်ပြီး COVID-19 ကူးစက်ခံရသည့် လူနာများ၏ သွေးနမူနာများကို အလစ်သုတ်ယူသွားကြောင်း အာဏာပိုင်များက မေ ၂၉ ရက်က ပြောသည်။

ယခု သီတင်းပတ်အတွင်း ဥတာပရာဒက်ရှ်ပြည်နယ်၏ မြို့တော် လက်နောင်း၏ မြောက်ပိုင်း မီးရက်အရပ်တွင် နိုင်ငံပိုင် ဆေးဖက်ဆိုင်ရာကောလိပ်တစ်ခု ပရိဝုဏ်ဝင်းအတွင်း ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တစ်ဦး လမ်းလျှောက်နေစဉ် ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မျောက်တွေဟာ ပြုစုကုသမှု ခံယူနေတဲ့ COVID-19 လူနာလေးဦးရဲ့ သွေးနမူနာတွေကို ဆွဲယူထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူနာတွေရဲ့ သွေးနမူနာတွေကို ထပ်ပြီး ရယူခဲ့ရပါတယ်။”ဟု ကောလိပ်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် ဒေါက်တာ အက်စ်ကေဂတ်ချ်က ပြောသည်။

မျောက်များက အဆိုပါ သွေးနမူနာများကို ယိုဖိတ်စေခဲ့မည်လားဆိုသည်ကို သေချာမသိရကြောင်း အာဏာပိုင်များက ပြောသော်လည်း သစ်ပင်အုပ်ဆိုင်းသော အဆိုပါ ကောလိပ်ဝင်းအတွင်း နေထိုင်သူများက သွေးနမူနာများကို မျောက်များက လူနေဧရိယာများဆီ သယ်လာခဲ့ပါက ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားမည်ကို ကြောက်လန့်လျက် ရှိသည်။

ရောဂါပိုးရှိ  သွေးနှင့် ထိတွေ့မိလျှင် မျောက်များ ဗိုင်းရပ်စ် ကူးစက်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ဒေါက်တာ ဂတ်ချ်က ပြောသည်။  

“မျောက်တွေ ရောဂါကူးစက်ခံရနိုင်တယ်ဆိုတဲ့ သက်သေလည်း မတွေ့ရှိဘူး။”လို့ ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်သည် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်ဈေးတွင် တိရစ္ဆာန်မှ လူသို့ ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၆၅၇၉၉ ဦး ရှိပြီး သေဆုံးသူ ၄၇၀၆ ဦး ရှိသည်။

အိန္ဒိယတွင် မျောက်များသည် လူနေရပ်ကွက်များဆီ ကျူးကျော်ဝင်ရောက်မှုများ များပြားလာပြီး အနှောင့်အယှက်များ ဖြစ်နေရကာ လူများကိုပင် တိုက်ခိုက်ခြင်းများ ရှိနေသည်။

တိရစ္ဆာန်များသည် အစားအစာ ရှာဖွေရန် မြို့ဧရိယာများသို့ ရောက်ရှိလာကြခြင်း၏ အဓိက အကြောင်းရင်းမှာ သဘာဝနေရာများ ပျက်စီးခြင်းကြောင့်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly