နယူးယောက်တိုင်းမ်ရဲ့ သမိုင်းမှတ်တိုင် မျက်နှာဖုံး

By ဝင်းလွင်မင်း
24 May 2020
နယူးယောက်တိုင်းမ်ရဲ့ သမိုင်းမှတ်တိုင် မျက်နှာဖုံး

မေ ၂၄

နယူးယောက်တိုင်းမ်ကတော့ နယူးယောက်တိုင်းမ်ပါပဲလို့ ပြောရမယ်ထင်တယ်။ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ မျက်နှာဖုံးမှာ ဓာတ်ပုံမပါဘူး၊ ဂရပ်ဖစ်တွေမပါဘူး၊ သမရိုးကျသတင်းအပုဒ်လိုက်၊ ဆောင်းပါးအပုဒ်လိုက်မပါဘူး။ အဲဒီအစား စာရင်းသက်သက်၊ ဘာစာရင်းလဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် သေဆုံးရတဲ့သူတွေ စာရင်းသက်သက်ပဲပါတယ်။ အဲဒီလောက်ရိုးစင်းမှုက အင်မတန် ဆန်းပြားသွားစေတာဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့တွေ အတုယူလေ့လာစရာတစ်ခုပါ။

ဒီလိုလုပ်ဖို့ အကြံရတာနဲ့ပတ်သက်ပြီး နယူးယောက်တိုင်းမ်အယ်ဒီတာတွေက ပြန်ပြောထားတာမှာတော့ အမေရိကားမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ တစ်သိန်းနီးပါးကပ်လာပြီ၊ တစ်သိန်းကလည်း နောက်ရက်ပိုင်းမှာကို ပြည့်တော့မယ့်အခြေအနေ၊ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်နေစေချင်တာမို့ တစ်ခုခုလုပ်ဖို့တော့လိုမယ်ဆိုတာကို စဉ်းစားလာခဲ့ကြတယ်တဲ့။

ဂရပ်ဖစ်ဌာနက လက်ထောက်အယ်ဒီတာ ဆစ်မုန် လန်ဒန်ဆိုတဲ့ အမျိုးသမီးက သေဆုံးတဲ့သူတွေပတ်သက်ပြီး အရေအတွက်များလွန်းတာ၊ ပြီးတော့ အမျိုးစုံတယ်ဆိုတာကို မီးမောင်းထိုးပြချင်ခဲ့တယ်လိုဆိုတယ်။

နယူးယောက်တိုင်းမ်သတင်းစာဟာ တစ်ခြားသော သတင်းစာတွေလိုပဲ ကမ္ဘာ့ကူးစက်မြန်ကပ်ဘေးရောဂါကြီးနဲ့ပတ်သက်ပြီး သတင်းတွေတောက်လျောက်ပေးပို့ခဲ့တာပါပဲ။ ဒါပေမယ့် ဆစ်မုန် လန်ဒန်နဲ့ သူ့ လုပ်ဖော်ကိုင်ဘက် တွေဟာ စာဖတ်သူတွေစိတ်ထဲ ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး ငြီးငွေ့လာတာ၊ ခြေကုန်လက်ပန်းကျလာကြလာတာမျိုးဖြစ်လောက်မယ်လို့ မှန်းဆခဲ့ကြတယ်။ နေ့တဓူဝသတင်းတွေထဲမှာ သေဆုံးသူအရေအတွက်တိုးတိုး လာနေတာကို ကြားသိရတာပါများတော့ မထူးဆန်းတော့သလိုဖြစ်လာကြတာကိုး။ လေးနက်မှုတွေလျော့ပါးလာကြတာကိုး။ အဲဒီတော့ သေဆုံးသူ တစ်သိန်းဆိုတဲ့ ကိန်းဂဏန်းနဲ့ပတ်သက်ပြီး အမှတ်ရဖွယ်လုပ်ဖို့ နည်းလမ်း ကောင်းတစ်ခုခုတော့ရှိလိမ့်မယ်လို့ သူတို့သိခဲ့တယ်ဆိုတဲ့အကြောင်း ဆစ်မုန် လန်ဒန်က နောက်တော့ပြန်ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးက သတင်းစာ အသေး၊ အကြီး အကုန်လုံးမှာပါတဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူတွေရဲ့ နာရေးကြေညာချက်တွေနဲ့ သေဆုံးတဲ့သူဘယ်သူဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ သူတို့စုဆောင်းခဲ့ကြတယ်တဲ့။

ပြီးတော့ အွန်လိုင်းမှာပါတဲ့ ကိုဗစ်နိုင်တင်းကြောင့်သေတဲ့ နာရေးကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေကို သုတေသနသမားက စုဆောင်းပြန်တယ်။ အဲသလိုနဲ့ သတင်းစာပေါင်းရာပေါင်းများစွာက တစ်ထောင်လောက်ရှိတဲ့ လူတွေရဲ့နာမည်တွေ သူတို့ စုဆောင်းရခဲ့ကြတယ်။ သတင်းခန်းထဲက အယ်ဒီတာတွေနဲ့ သတင်းစာကျောင်းဆင်းလေးသုံးယောက်တို့ဟာ သေဆုံးသူတစ်ယောက်ချင်းစီရဲ့ အကြောင်းဖတ်ပြီး သူတို့နဲ့ပတ်သက်တဲ့အမှတ်တရ စာတွေ ပြန်ထုတ်ပါတယ်တဲ့။

နေရှင်နယ်အယ်ဒီတာဖြစ်တဲ့ မက်ခ် လေဆီက နောက်နှစ် ၁၀၀ ကြာတဲ့အခါ သမိုင်းကိုပြန်ကြည့်ရင် ဒီခေတ်လူတွေဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို နှောင်းလူတွေကို တစ်ခုခုသိစေချင်လို့ဆိုပါတယ်။
ဒီစာရင်းနဲ့ပတ်သက်ပြီး ဘယ်လိုတင်ဆက်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီး အိုင်ဒီယာနှစ်ခုထွက်ကြပါတယ်တဲ့။ တစ်မျိုးကတော့ ဒီဘက်ခေတ် ထုံးစံအတိုင်း ဓာတ်ပုံတွေ၊ ဂရပ်ဖစ်တွေဝေဝေဆာဆာနဲ့ပေါ့။ ဒါပေမယ့်လည်း အဆုံးမှာတော့ စာချည်းသက်သက်လမ်းကို ရွေးလိုက်ကြပါတော့တယ်။ ဘာလို့လည်းဆိုတော့ ဒီဒီဇိုင်းက နယူးယောက်တိုင်းမ်ရဲ့ ရာစုနှစ်နဲ့ချီကြာတဲ့သက်တမ်းကိုလည်း သိစေချင်တာဖြစ်ပါတယ်တဲ့။ သူတို့ပြောမှပြန်အမှတ်ရစရာဖြစ်တာက ၁၈၅၁ ခုနှစ်က စထုတ်တဲ့ နယူးယောက်တိုင်းမ်သတင်းစာမှာ ဒီကနေ့ခေတ်ကလို သတင်းခေါင်းတပ်ထားတာတွေမရှိပါဘူးတဲ့။

ဒီမှာတွေ့ရတာက နယူးယောက်တိုင်းမ်သတင်းစာရဲ့ လေးနက်မှု၊ စိတ်ကူးစိတ်သန်းကောင်းမှု၊ အစုအသင်းလိုက်လုပ်ကိုင်တတ်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုကောင်းတွေကနေ သမိုင်းတွင်မယ့် သတင်းမျက်နှာဖုံးတစ်ခုမွေး ထုတ်ပေးပြီး မှတ်တိုင်စိုက်ထူခဲ့တယ်ဆိုတာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required