၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်နယ်ထရမ့် ဂေါက်ကွင်းသု့ိ သွားရောက်၊ လာမည့်အပတ် အာကာသယာဉ်လွှတ်တင်မှုအစီအစဉ်သို့ တက်မည်ဟု ပြော

၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်နယ်ထရမ့် ဂေါက်ကွင်းသု့ိ သွားရောက်၊ လာမည့်အပတ် အာကာသယာဉ်လွှတ်တင်မှုအစီအစဉ်သို့ တက်မည်ဟု ပြော

မေ ၂၄

     

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နှစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၂၃ ရက်တွင် ဂေါက်ကွင်းတစ်ခုသို့ သွားရောက်ခဲ့ပြီး နိုင်ငံတွင် ပုံမှန်သွားလာလှုပ်ရှားနေထိုင်မှု ပုံစံသို့ ပြန်လည်ရောက်ရှိရေးအတွက် တွန်းအားပေးသွားခဲ့သည်။

    ထို့ပြင် လာမည့်အပတ် အာကာသယာဉ်လွှတ်တင်မှု အစီအစဉ်တစ်ခုကိုလည်း တက်ရောက်သွားမည်ဟု ထရမ့်က အတည်ပြုသွားခဲ့သည်။

    သမ္မတ ထရမ့်သည် အိမ်ဖြူတော်မှ ကားဖြင့် ၃၅ မိနစ်ခန့် မောင်းလျင် ရောက်ရှိနိုင်သည့် ဗာဂျီးနီးယားပြည်နယ် Sterling ဧရိယာရှိ ထရမ့် အမျိုးသားဂေါက်ကလပ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းခရီးစဉ်သည် ထရမ့်အတွက် မတ်လ ၈ ရက်နောက်ပိုင်း ဂေါက်ကွင်းတစ်ခုသို့ ပထမဆုံး သွားရောက်ခြင်းလည်း ဖြစ်သည်။

    သမ္မတ  ထရမ့်အနေဖြင့် ဂေါက်ကွင်းတွင် ဂေါက်ရိုက်ကစားမည်လား ဆိုသည်နှင့်ပတ်သက်၍ အတည်ပြုခဲ့ခြင်း မရှိပေ။ သို့သော် ၎င်းသည် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်း ချမှတ်မှု မတိုင်မီက သီတင်းပတ်ကုန်တိုင်း ပုံမှန် ဂေါက်ရိုက်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည်။

    သီးခြား ခပ်ခွာခွာနေထိုင်ခြင်း (social distancing) စည်းမျဉ်းများကို စနစ်တကျ သတ်မှတ်ပြီး ကစားသမားများအနေဖြင့် အလံများကို ထိကိုင်ခြင်း မပြုပါက ဂေါက်သီးအားကစားကဲ့သို့သော အားကစားနည်းများကို ဘေးကင်းလုံခြုံစွာ ကစားနိုင်ပါကြောင်း ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အိမ်ဖြူတော်အကြံပေး Deborah Birx က မေလ ၂၂ ရက်တွင် ပြောသည်။

    သို့သော် ဝါရှင်တန်နှင့် ဗာဂျီးနီးယား တို့တွင် ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိမှုနှုန်း မြင့်တက်ထားခဲ့ကြောင်း သူမက သတိပေးခဲ့သည်။

    ခက်ခဲကြမ်းတမ်းသည့် ရွေးကောက်ပွဲ တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်နေရပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအောက်ကနေ ရုန်းထွက်နိုင်မည့် လမ်းတစ်လမ်း ရှာဖွေရန် ဆန္ဒရှိနေသော ထရမ့်သည် နိုင်ငံတွင် လော့ခ်ဒေါင်း အစီအမံများ ဖြေလျှော့ရေး ပြည်နယ်နှင့် ဒေသအစိုးရများကို ဖိအားများ ပေးထားခဲ့သည်။

    ထို့ပြင် ခရစ်ယာန် ဘုရားကျောင်းများ၊ ရဟူဒီ ဘုရားရှိခိုးကျောင်းများနှင့် ဗလီ များကို အစားအသောက်နှင့် ဆေးဝါး အရောင်းဆိုင်များကဲ့သို့ လယ်ဗယ်တစ်တန်းတည်း ထားရှိပြီး “မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများ” အဖြစ် သတ်မှတ်ရန်နှင့် ဝတ်ပြုဆုတောင်းပွဲများကို ချက်ချင်း  ကျင်းပခွင့်ပြုရန် ပြီးခဲ့သည့် မေလ ၂၂ ရက်တွင် ထရမ့်က ပြည်နယ် အုပ်ချုပ်ရေးမှူးများကို တောင်းဆိုခဲ့သည်။

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အမေရိကန် စီးပွားရေးကို ထိခိုက်စေလျက် ရှိပြီး ဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များနှင့်ပတ်သက်၍လည်း အကြိတ်အနယ်ရှိသည့် အခြေအတင် ဆွေးနွေးမှုတစ်ရပ် ပေါ်ပေါက်စေရန်လည်း ဦးတည်ထားစေခဲ့သည်။

    အမေရိကန်နိုင်ငံတွင် ယခုအခါ စုစုပေါင်းကူးစက်ခံထားရသူ ၁ ဒသမ ၆ သန်း နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၆,၀၀၀ ကျော်တို့နှင့်အတူ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားနေရသော နိုင်ငံအဖြစ် ရှိနေသည်။

    တချိန်တည်းမှာပင် နာဆာ အာကာသယာဉ်မှူး နှစ်ဦးလိုက်ပါမည့် SpaceX အာကာသယာဉ်ကို မေလ ၂၇ ရက်တွင် ဖလော်ရီဒါ၌ လွှတ်တင်မည့်အစီအစဉ်သို့လည်း သမ္မတ ထရမ့် တက်ရောက်မည်ဟု အိမ်ဖြူတော်က မေလ ၂၃ ရက်တွင် အတည်ပြုသည်။ အဆိုပါ မစ်ရှင်သည် ကိုးနှစ်တာအတွင်း အမေရိကန်မြေပေါ်မှ လွှတ်တင်သည့် ပထမဆုံးသော လူလိုက်ပါသည့် အာကာသယာဉ် ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။

    အာကာသယာဉ်မှူးများဖြစ်ကြသည့် Robert Behnken နှင့် Douglas Hurley တို့သည် မေလ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၃ မိနစ်တွင် ကနေဒီ အာကာသစင်တာကနေ နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ဦးတည် ထွက်ခွာရန် စီစဉ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required