ကိုရိုနာဗိုင်းရပ်စ်သည် မျက်နှာပြင်များပေါ်၌ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ခြင်းမရှိဟု C.D.C. ပြော

ကိုရိုနာဗိုင်းရပ်စ်သည် မျက်နှာပြင်များပေါ်၌ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ခြင်းမရှိဟု C.D.C. ပြော

မေ ၂၃

ဗိုင်းရပ်စ်သည် ရောဂါပိုးရှိသည့်မျက်နှာပြင်မှတစ်ဆင့် အလွယ်တကူ မကူးစက်နိုင်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာနက ထုတ်ပြန်ထားသောကြောင့် စိုးရိမ်မှုရှိနေသူများအတွက် စိတ်သက်သာရာရစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူသည် ရောဂါလက္ခဏာမပြသည့်တိုင် နှာစေးချောင်းဆိုးသည့်အခါ သို့မဟုတ် စကားပြောဆိုသည့်အခါ ထွက်လာသော အရည်အမှုန်အမွှားများမှတစ်ဆင့် လူအချင်းချင်း ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဟု  ထင်မြင်ယူဆထားကြသည်။

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် လူအချင်းချင်း အလွယ်တကူနှင့် ကာလရှည်ကြာ ကူးစက်နိုင်ကြောင်း C.D.C. ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယခုဗိုင်းရပ်စ်သည် တုပ်ကွေးထက် ပိုမိုပျံ့နှံ့သော်လည်း ဝက်သက်ရောဂါလောက် မပျံ့နှံ့နိုင်ဟု ဆိုသည်။

ဗိုင်းရပ်စ်ရှိသည့်မျက်နှာပြင်ကိုထိတွေ့မိရာမှတစ်ဆင့် ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများဆီ ရောက်သွားခြင်းအားဖြင့် ကူးစက်နိုင်ကြောင်း CDC က ထုတ်ပြန်ထားသော်လည်း ဗိုင်းရပ်စ်ပျံ့နှံ့သော အဓိကနည်းလမ်းအဖြစ် မှတ်ယူ၍မရပေ။

ဗိုင်းရပ်စ်သည် တခြားနည်းလမ်းများဖြင့် အလွယ်တကူပျံ့နှံ့ခြင်းမရှိကြောင်း C.D.C. က မေ ၁၁ ရက်တွင် ဝက်ဘ်ဆိုက်၌ တင်ပြခဲ့ပြီး တိရစ္ဆာန်မှ လူသို့ ဗိုင်းရပ်စ်ကူးခြင်းသည် ခက်ခဲကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။  “ကူးစက်ပျံ့နှံ့တဲ့ပုံစံက မပြောင်းပါဘူး။ ကိုဗစ်-၁၉ က အဓိကအားဖြင့် လူအချင်းချင်း အနေနီးရာကနေ ကူးတာပါ” ဟု C.D.C. ပြောရေးဆိုခွင့်ရှိသူ Kristen Nordlund ကပြောသည်။

ဗိုင်းရပ်စ်၏သိပ်သည်းဆပမာဏက ကူးစက်မှုနှုန်းကို သက်ရောက်ပုံနှင့်ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရောဂါပိုးပါသော အရည်အမှုန်အမွှားများအားလုံးသည် ကူးစက်ခြင်းရှိ / မရှိနှင့် လူတစ်ယောက်ဖျားနာရန်အတွက် တိကျသော ဗိုင်းရပ်စ်ပမာဏရှိလား ဆိုသည်ကိုမူ သုတေသီများလည်း မသိကြချေ။ ပြီးခဲ့သည့် ရက်သတ္တပတ်ကတွေ့ရှိခဲ့သော လေ့လာမှုတစ်ခုအရ တစ်ယောက်တည်း စကားပြောလျှင်ပင် လေထဲသို့ အရည် အမှုန်အမွှား ထောင်ပေါင်းများစွာလွှင့်စင်နိုင်ပြီး လေထဲ၌ ရှစ်မိနစ်မှ ၁၄ မိနစ်ခန့်အထိ မျောနေနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် လေဝင်လေထွက်မကောင်းသည့်နေရာတွင် အတူရှိသည့်အခါ သို့မဟုတ် စကားပြောဆိုသည့်အခါတွင် လူများသည် နီးကပ်နေသဖြင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အလွယ်တကူ ဖြစ်ပွားနိုင်သည်ဟု Virginia Tech မှ သိပ္ပံပညာရှင် linsey Marr က ပြောသည်။

အရာဝတ္ထုမျက်နှာပြင်ပေါ်မှ ဗိုင်းရပ်စ်သည် လူတစ်ဦးဆီ ကူးစက်နိုင်ရန်အလို့ငှာ ပထမဆုံးအနေဖြင့် ဗိုင်းရပ်စ်ပမာဏများများ မျက်နှာပြင်ပေါ်သို့ ရောက်ရမည်ဖြစ်ကာ လူတစ်ယောက်လာထိသည့်တိုင်အောင် ထိုမျက်နှာပြင်၌ ရှင်သန်နေရမည်ဟု Dr. Marr  က ဆိုသည်။ နောက်ဆုံးတွင် လူ၏ လက်ချောင်းများသို့  ရောက်သွားပါကလည်း မျက်လုံး သို့မဟုတ် ပါးစပ် သို့ရောက်သည့်တိုင် ထိုအရေပြားပေါ်၌ ရှင်သန်နေရန်လိုသည်ဟု ဆိုသည်။

“ အရာဝတ္ထုပစ္စည်းတွေကို ထိရာကတစ်ဆင့် ရောဂါကူးစက်ဖို့ အခြေအနေတွေ အများကြီး လိုပါတယ်” ဟု Dr. Marr ကပြောသည်။

မတ်လက ထုတ်ဝေခဲ့သည့် The New England Journal of Medicine တွင် ဗိုင်းရပ်စ်သည် မာကျောသော သတ္တုမျက်နှာပြင်နှင့် ပလတ်စတစ်ပေါ်၌ သုံးရက်နှင့် ကတ္ထူစက္ကူပေါ်၌ ၂၄ နာရီ အသက်ရှင်နေနိုင်သည်ဟု ဖော်ပြထားသည်။  ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသည့်မျက်နှာပြင်မှ ဗိုင်းရပ်စ်ကူးနိုင်သည့်အလားအလာရှိကြောင်း ယူဆထားကြသောကြောင့် အိမ်များ၊ သေတ္တာများနှင့် ပန်းခြံခုံတန်းများကို သန့်စင်လိုသူများအနေဖြင့်လည်း သန့်ရှင်းရေးလုပ်နိုင်ကြပေသည်။ C.D.C . က ပုံမှန်လက်ဆေးရန်နှင့် မကြာခဏထိသည့် မျက်နှာပြင်များကို ပုံမှန်သန့်ရှင်းရေးနှင့် ပိုးသန့်ခြင်းများ ပြုလုပ်ရန် အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required