စာသင်ကျောင်းတွေ စိတ်ချလက်ချ ပြန်ဖွင့်ဖို့ဆိုရင်

စာသင်ကျောင်းတွေ စိတ်ချလက်ချ ပြန်ဖွင့်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Zon Aung

COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက စာသင်ကျောင်းတွေကို ပိတ်ပင်ထားခဲ့ရပါတယ်။ ခုချိန်မှာတော့ ကျောင်းဖွင့်ရာသီကို ပြန်လည်ရောက်ရှိလာပါပြီ။ ရောဂါကူးစက်မှုဟာ သိသာစွာကျင်းသွားခြင်းမရှိသေးပေမယ့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်လာတဲ့ တိုင်းပြည်တစ်ချို့ကတော့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်လာကြပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်မှာ လာမယ့်ဇွန်လဆိုရင် စာသင်ကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဇူလိုင်လဝန်းကျင်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာပါ။

ဒီလို ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာတစ်ဝှမ်းက ၁.၄ ဘီလီယံသော ကျောင်းသားတွေ အပေါ်သက်ရောက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်။

ကပ်ဘေးကာလမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ရတာဟာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခုဖြစ်သလို ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားရတာမို့ ကျဉ်းထဲကျပ်ထဲက အတိမ်းအစောင်းမခံတဲ့ အခြေအနေတစ်ခုပါ။

စာသင်ကျောင်းတွေ ဘယ်လိုပြန်ဖွင့်ကြမလဲ

နိုင်ငံတကာမှာတော့ ဒေသခံကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေကြပါတယ်။ ဥပမာအားဖြင့် ပြောရရင် အမေရိကန်ပြည်ထောင်စုမှာဆိုရင် American Academy of Pediatrics (AAP) ရဲ့ လမ်းညွှန်ချက်တွေ လိုက်နာပြီး ကျောင်းတွေ ပြန်ဖွင့်သွားရပါ။

ကလေးတွေကို စာသင်ခန်းနဲ့ အားကစားကွင်းတွေမှာ စိတ်ချရတဲ့ အကွာအဝေးအတင်း ဘယ်လိုထားရှိရမယ်၊ ရောဂါကူးစက်မှုတစ်စုံတစ်ရာရှိလာရင် ကျောင်းတွေကို ဘယ်လို ပိတ်သိမ်းရမယ်၊ ကလေးတွေ မကူးစက်အောင် ဘယ်လိုထားမယ်ဆိုတာတွေကို AAP က လမ်းညွှန်ချက်ပေးသွားမှာပါ။

စာသင်ကျောင်းတွေဟာ ကလေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့နေရာတွေဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာဟာ ကလေးတွေရဲ့ ပညာရေးခရီးလမ်းကို ဆက်လက်စီးဆင်းစေမှာဖြစ်သလို လုပ်ငန်းခွင်ပြန်ဝင်ရမယ့် မိဘတွေအတွက်လည်း ဖိအားတစ်ချို့ လျော့ပါးသွားစေနိုင်ပါတယ်။

နိုင်ငံတကာမှာတော့ စာသင်ကျောင်းတွေမှာ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်း ခိုင်မာအားကောင်း တက်ကြွနေစေမယ့် သင်ခန်းစာတွေ၊ Social Distancing ဘောင်အတွင်းကနေ လူမှုဆက်ဆံရေး အရည်အသွေး ဆက်လက်ဖွံ့ဖြိုးစေရေးဆိုင်ရာ သင်ကြားမှုတွေကိုလည်း သင်ကြားပေးသွားမှာပါ။ ဒီ့အတွက် နည်းပညာ၊ ကျန်းမာရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေဆီက အကူအညီတွေကိုလည်း ရယူသွားကြမှာပါ။

ရင်ဆိုင်လာရနိုင်တဲ့ ပြဿနာများ

ကျောင်းတွေကို ပိတ်ထားချိန်မှာ ကလေးတွေအတွက်ရော စာသင်ကျောင်းနဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံးအတွက်ပါ ပြဿနာတွေ ပြည့်နေပါတယ်။ ဒါကြောင့် စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ကြတာပါ။

ပြန်ဖွင့်ရင်ပြဿနာတွေ ပြေလည်သွားမှာလားဆိုရင်တော့လည်း မဟုတ်ပြန်ပါဘူး။ မတူညီတဲ့ စိန်ခေါ်မှုတွေ ပြဿနာတွေကို ရင်ဆိုင်ကြရပြန်ပါတယ်။

အထူးသဖြင့် လက်ရှိအခြေအနေမှာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရပါတယ်ဆိုတဲ့ ကတိစကားကို ဘယ်အစိုးရကမှ ကတိကဝတ်မပြုနိုင်ကြပါဘူး။ ဒီကိစ္စဟာ အခြေအနေတစ်ခုလုံးအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်။

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ကြရာမှာ ကလေးတွေဟာ COVID-19 ရောဂါကူးစက်ခံရနှုန်း အထူးနည်းပါးခြင်းက အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အားကိုးလွန်းတာကတော့ ကံကိုယုံပြီး ဆူးပုံချနင်းတာမျိုးဖြစ်နေတယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

တစ်ဖက်မှာလည်း ကလေးတွေရဲ့ ပညာသင်ကြားရေးနဲ့ အသိပညာလေ့လာမှုမှာ ဟာကွက်တွေ၊ ကွာဟချက်တွေဖြစ်မလာစေဖို့ စာသင်ကြားမှုတွေကို ပြန်စတင်ဖို့ မဖြစ်မနေလိုအပ်နေပြန်ပါတယ်။ တစ်ချို့တိုင်းပြည်တွေမှာ အွန်လိုင်းသင်ကြားမှုစနစ်ကို စတင်နေပေမယ့် အခက်အခဲတွေ အတားအဆီးတွေနဲ့ အဆင်မပြေမှုတွေ များပြားနေပါတယ်။

ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို အွန်လိုင်းသင်ကြားမှုပြုလုပ်ရာမှာ မိဘတွေကိုယ်တိုင် အချိန်ပြည့်ပါဝင်ပေးနေဖို့ လိုအပ်တာ၊ အင်တာနက်နဲ့ ကွန်ပျူတာလိုမျိုး အခြေခံလိုအပ်ချက်တွေ ရှိနေတာ၊ နုနယ်တဲ့ကလေးတွေကို Blue Light ထုတ်လွှတ်တဲ့ IT Devices တွေ အသုံးပြုခိုင်းတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံရစေနိုင်တာတွေကြောင့်ပါပဲ။

ဒါကြောင့် စွန့်စွန့်စားစား စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်လာကြတာဖြစ်ပြီးတော့ ဘေးကင်းရန်ကွာဖြစ်စေဖို့ အစီအမံအမျိုးမျိုး ရေးဆွဲနေကြပါတယ်။

ကျောင်းပြန်ဖွင့်တော့မယ်ဆိုရင်

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြပြီးတဲ့နောက်မှာ အစိုးရတွေဟာ ကျောင်းတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သတ်မှတ်ထားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇူလိုင်လမှ ကျောင်းတွေ ဖွင့်လှစ်မှာမို့ သတ်မှတ်ချက်တွေ မရှိထားသေးပေမယ့် နိုင်ငံတကာမှာတော့ အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ ပြင်ဆင်နေကြပါတယ်။

  • ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးတာနဲ့ အပူချိန်တိုင်းတာပေးတာ၊
  • အပူချိန်တိုင်းပြီးမှ ကျောင်းအဆောက်အအုံအတွင်း ဝင်ခွင့်ပြုတာ၊
  • စာသင်ခန်းတွေအတွင်းက ရောဂါပိုးရှင်သန်နိုင်တဲ့ မျက်နှာပြင်တွေကို ပုံမှန်သန့်ရှင်းပေးတာ၊
  • ကလေးတွေနဲ့ ကျောင်းဝန်ထမ်းတွေကို ပိုးကူးစက်မှုကနေ ကာကွယ်နိုင်စေဖို့ စီစဉ်ပေးထားတာ၊
  • မျက်နှာဖုံး ပုံမှန် အသုံးပြုစေတာ၊
  • Social distancing နည်းလမ်းကို တိတိကျကျ လိုက်နာစေတာ၊
  • လူတစ်ဦးနဲ့ တစ်ဦးထိတွေ့မှုကို အကန့်အသတ်ထားထားတာ၊
  • ကျောင်း အစားအသောက်တန်းတွေမှာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေကိုသာ အသုံးပြုစေတာ၊
  • ရှောင်တခင် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ စီစဉ်ထားတာ၊
  • ကလေးတွေ မထိခိုက်ပဲ ကျောင်းပရဝုဏ်ကို ပိုးသတ်ဖို့အတွက် စီမံထားဖို့၊
  • ကျောင်းကို ဆက်တိုက်မဖွင့်ပဲ ကြိုကြားကြိုကြားပိတ်ဖို့၊
  • စာသင်ချိန် လျှော့ချဖို့၊
  • ကျန်းမာရေးပြဿနာရှိနေတာကြောင့် ကျောင်းမလာနိုင်တဲ့ ကျောင်းသားတွေအတွက် သီးခြားအစီအမံထားရှိဖို့၊
  • Social distancing ဘောင်ထဲကနေ ကျောင်းသားတွေ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားလုပ်နိုင်အောင် စီစဉ်ထားဖို့တွေ ဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီလား

တရုတ်၊ ဂျပန်၊ တိုင်ဝမ်၊ အစ္စရေး၊ နော်ဝေနဲ့ ဒိန်းမတ်လို တိုင်းပြည်တွေမှာ စာသင်ကျောင်းတစ်ချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီးတော့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အတူ ပညာသင်ကြားမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ကျောင်းသားတွေဟာ တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာမှာသာ နေကြရပြီး ကျောင်းဝင်းထဲမဝင်ခင် အပူချိန်တိုင်းတာခြင်းကို မဖြစ်မနေလုပ်ဆောင်ကြရပါတယ်။ ဆရာ/ဆရာမတွေဟာ ကျောင်းသား အနည်းငယ်စီသာပါတဲ့ အုပ်စုငယ်လေးတွေကို သီးခြားစီ ခွဲထုတ်ပြီး သင်ကြားမှုတွေ ပြုလုပ်ကြရပါတယ်။

အားကစားပြိုင်ပွဲတွေ၊ အပျော်ခရီးတွေ၊ လေ့လာရေးခရီးစဉ်တွေကို ဖျက်သိမ်းထားမှာဖြစ်ပြီးတော့ ကျောင်းသားတွေဟာ ကျောင်းနဲ့ အိမ်ကလွဲပြီး တခြားနေရာတွေဆီ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိပဲ သွားခွင့်မရှိပါဘူး။ ကျောင်းသားတွေကိုလည်း သတ်မှတ်ချက်နဲ့ ညီညွတ်တဲ့ ဖယ်ရီကားတွေနဲ့သာ ကျောင်းဆီလာခွင့်ပြုထားပါတယ်။

ကျောင်းသားတွေဟာ အသစ်ဖြစ်လာတဲ့ ကျောင်းပတ်ဝန်းကျင်မှာ အသားကျဖို့ ရုံးကန်နေကြရပေမယ့် ရောဂါပိုးကူးစက်မှုကိုတားဆီးထားနိုင်တာကြောင့် အလုပ်ဖြစ်တယ်လို့ ဆိုရမှာပါ။

လက်ရှိမှာ ကျောင်းတွေ ဖွင့်လှစ်နေကြပြီဖြစ်တဲ့ တိုင်းပြည်တွေရဲ့ ဥပမာတွေအရဆိုရင် စည်းကမ်းချက်တွေနဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်မှာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကျောင်းသားတွေ ရောဂါအန္တရာယ်ကင်းဝေးစေဖို့ ပံ့ပိုးမှုအများအပြားပြုလုပ်ပေးဖို့ လိုအပ်တာကို မြင်တွေ့ရပါတယ်။

စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား ၅၀-၆၀ ဝန်းကျင် ရှိတတ်တဲ့ပြီး စာသင်ကျောင်းတွေမှာ လိုအပ်ချက်များတဲ့ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ဆိုရင် တိကျပြီး ခိုင်မာအားကောင်းတဲ့ သတ်မှတ်ချက်တွေနဲ့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ လိုအပ်မှာဖြစ်ပါတယ်။

ကျောင်းသားတွေ၊ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေအတွက် လုံလောက်တဲ့ ပံ့ပိုးမှုတွေလည်း ပြည့်ပြည့်စုံစုံ ရရှိနေပြီဆိုရင်တော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုရမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required