မြစ်ရေစည်းချက် . . . ဧရာဝတီ ( ၉ )

မြစ်ရေစည်းချက် . . . ဧရာဝတီ ( ၉ )

သန့်ဇော်(သန်လျင်)

ပူတာအို၊ မချမ်းဘော့နဲ့ မြစ်ဆုံ

ပူတာအိုမြို့နယ်က မလိခမြစ်ဖြတ်ကူးတံတားကြီးပေါ်မှာ မိနစ်အနည်းငယ်နေရင်း မြစ်ရဲ့အလှအပကို ခံစားရင်း..၊ မြစ်ရဲ့အလှအပဆိုတာ မြစ်ပြင်ကရေတွေ ပြည့်နေတာရယ်၊ မြစ်ရေဟာ အိန္ဒြေရှိရှိစီးဆင်းနေတာရယ်၊ မြစ်ရေဟာ ကြည်လင်နေတာရယ်တွေဟာ ကျွန်တော်တို့ ရန်ကုန်သားတွေအဖို့ အသစ်အဆန်းကို ဖြစ်နေတာကတော့ ဆိုဖွယ်ရာမရှိတော့ပါ။ အမှိုက်တစ်စက်မှမရှိတာဟာလည်း စိတ်ကို ကြည်နူးစေပါတယ်။

မန်းခါးဘက်နားက မြစ်နှစ်သွယ်ဆုံတဲ့နေရာရဲ့ မလိခမြစ်အတိုင်း အောက်ဖက်ကို စုန်ဆင်းလာတဲ့အခါ မန်းခါးဘက် အထက်ပိုင်းကလို တောင်စောက်ကပါးကြီးတွေ မြင့်မားတဲ့တောင်ကပါးယံတွေ မတွေ့ရဘဲ အများအားဖြင့် ကုန်းမြေမြင့်တွေကိုသာတွေ့ရပါတယ်။ မြစ်ပြင်ဟာလည်း သောင်တွေထွန်းပြီး မြစ်ရေဟာတော့ ကြည်လင်နေပါတယ်။ ခပ်ဝေးဝေးမှာတော့ တောင်တန်းကြီးတွေကို လှပစွာမြင်နေရပါတယ်။ မြစ်ရေထဲဆင်းပြီး လက်ခုပ်နဲ့ရေသောက်ရတာလည်း အရသာရှိပါတယ်။ ကျောက်စက်ရေကို သောက်ရသလို၊ အဲဒီရေတွေနဲ့ ရေသန့်စက်မှာ ထပ်ပြီးသန့်စင်လိုက်မယ်ဆို အကောင်းစားရေသန့်ဖြစ်မှာကတော့ အသေချာပဲဖြစ်ပါတယ်။

မချမ်းဘော့မြို့နယ်နားမှာတော့ မလိခမြစ်ဟာ ကွေးနေပြီး သောင်ထွန်းနေတာကလည်း တစ်မျှော်တစ်ခေါ်ကြီးပဲ ဖြစ်ပါတယ်။ မလိခမြစ်ကူးတံတားနားရောက်တော့ သောင်ထွန်းနေတာသိပ်မရှိတော့ဘဲ မူလလောချောင်းနဲ့ ပေါင်းစည်းပြီး မလိခမြစ်ဟာ အောက်ဖက်ကို ဆက်လက်စီးဆင်းရာမှာတော့ ကျဉ်းသွားပြီး တောင်တန်းတွေကြား၊ လျှိုမြောင်တွေကြားမှာ စီးဆင်းနေလို့ အလွန်ပဲကြည့်လို့ လှနေပါတယ်။ ရံဖန်ရံခါမျာတော့ရေစီးသန်ပြီး ရေတံခွန်အသေးလေးတွေကို လည်းတွေ့ရပါသေးတယ်။

အနောက်ဖက်က မလိခမြစ်ထဲစီးဝင်တဲ့ (Alagurlol River)အလဂါလောမြစ်နားမရောက်ခင် မလိခမြစ်လယ် ကျွန်းကလေး တစ်ကျွန်းဖြစ်နေတဲ့ နတ်ကျွန်းပေါ်မှာတော့ စေတီလေးတစ်ဆူ တည်ထားတာတွေ့ရပါတယ်။ အလဂါလောမြစ်ဟာ မလိခမြစ်ထဲစီးဝင်ပြီးနောက် ဒေသခံတွေက မလိခမြစ်ကို အလာဂါလောမြစ်လို့လည်း ခေါ်ကြပါတယ်။ အဲဒီနောက် မလိခမြစ်ဟာ တဖန်ကျဉ်းသွားပြီး ရေစီးသန်ကာ တစ်ချို့နေရာတွေဆိုရင် ရေတံခွန်အလား ရေစီးကြမ်းတာကိုလည်း တွေ့ရပါတယ်။

မလိခမြစ်ဟာ ဆက်လက်စီးဆင်းကာ သောင်ထွန်းမှုတွေ၊ မြေပြန့်တွေ သိပ်မတွေ့ရတော့ဘဲ တောင်ကြောတောင်တန်းတွေကို ဖြစ်ပြီး အန်မိုင်ခနဲ့ဆုံရာ မြစ်ဆုံဆီကို စီးဆင်းသွားပါတယ်။ မြစ်ဆုံနားမှာတော့ တရားမဝင် ရွှေတူးတဲ့လုပ်ငန်းတွေကို စက်ယန္တရားကြီးတွေနဲ့ စီးပွားဖြစ်လုပ်ကိုကြတာတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်နေကြတာတွေလည်း တွေ့ရပါတယ်။ သိတ်မကြာသေးခင်ကပဲ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဟိုးယခင် စစ်အစိုးရ(တပ်မတော်အစိုးရ)လက်တက်တုန်းကဆို ရွှေတူးသူတွေနဲ့ အလွန်စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်ကဆို အရမ်းလှပသာယာနေတဲ့နေရာဟာ ခုဆို တော်တော်ပျက်စီး သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျွန်တော်ကြည့်ရသလောက်ဆိုရင် မလိခမြစ်ရေစီးနဲ့အတူ သဘာဝကြီးဟာ လှပနေတုန်းပဲလို့ မြင်မိပါတယ်။ ခုမြင်မိတာနဲ့ ချိန်ဆပြီး ဟိုးယခင်ကဆို ဘယ်လောက်တောင် သာယာလိမ့်မလဲဆိုတာ တွေးကြည့်လိုက်လို့ ရင်ထဲ တစ်မျိုးတစ်မည် ခံစားလိုက်ရပါသေးတယ်။

မြစ်ဆုံရောက်တော့ မြစ်ဆုံဟာမိုးတွင်းဆိုရင် မလိခမြစ်နဲ့ အန်မိုင်ခမြစ်နှစ်စင်းရဲ့ ရေတွေအလုံးအရင်းနဲ့ စီးဆင်းနေတာတွေ့ရပြီး ရေကလည်း ဆောင်းရာသီလို ကြည်လင်အေးမြမှုမရှိတော့ပါဘူး။ တစ်ဖက်တစ်ချက် တောတောင်တွေနဲ့ ကြည့်လို အလွန်ကောင်းပါတယ်။ မြစ်ပြင်ကလည်း ကျယ်ဝန်းနေတော့၊ မြစ်‌ရေပမာဏဟာ ထုနဲ့ထည်နဲ့စီးဆင်းနေတာဆိုတော့ ဂျပန်နိုင်ငံက ပင်လယ်ရေလှိုင်းအားနဲ့ လျှပ်စစ်ဓာတ်အားထုတ်တာကို သွားသတိရပါတယ်။ မြစ်ဆုံကစီးဆင်းလာတဲ့ မိုးရာသီ ရေစီးစွမ်းအားနဲ့ ဒလက်ကြီးတွေတပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ရင်တောင်ရတယ် ဆိုတဲ့ အတွေးပါပဲ။ ဒါပေမယ့် အဲဒါဟာလည်း မိုးတွင်းသာ လျှပ်စစ်ဓာတ်အား အကန့်အသတ်နဲ့ပဲရနိုင်ပြီး နွေဆိုရင် ရပ်သွားမှာပဲဖြစ်ပါတယ်။

မြစ်ဆုံအရေးကတော့ ခုတော့လည်း အေးဆေးနေပြီဆိုပေမယ့် တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လေမလား ဆိုပြီးတော့လည်း ‌ဒေသခံတွေရော မြစ်ကြီးနားလူထုရော ပြည်သူတွေပါ စိတ်ထဲ ရတက်မအေး ကိန်းနေတာကတော့ အားလုံးအသိပဲဖြစ်ကြောင်း တင်ပြရင်း နောက်အပတ်တွေမှာတော့ မရိုးနိုင်သေးတဲ့ မြစ်ဆုံအကြောင်း စာဖတ်သူတွေ သိရအောင် ထပ်ရေးပါဦးမယ်။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly