COVID-19 ကြောင့် စီးပွားရေး အထိနာ၍ တရုတ်က ဂျီဒီပီ ရည်မှန်းချက် မထားရှိ

COVID-19 ကြောင့် စီးပွားရေး အထိနာ၍ တရုတ်က ဂျီဒီပီ ရည်မှန်းချက် မထားရှိ

မေ ၂၃

COVID-19 ၏ ရိုက်ခတ်မှုဒဏ် ခံရသော ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံသည် မေ ၂၂ ရက်၌ ကျင်းပသော ယခုနှစ် လွှတ်တော် အစည်းအဝေးအစ၌ နိုင်ငံ၏ နှစ်ပတ်လည် ဖွံ့ဖြိုးနှုန်းအား ပထမဆုံးအဖြစ် ရည်မှန်းချက် မထားရှိဘဲ အစိုးရအသုံးစရိတ်အား ပိုမိုသုံးစွဲသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုသည်။

ဝန်ကြီးချုပ် လီကာ့ကျန်၏ အလုပ်အကိုင်ရေးရာ အစီရင်ခံစာတွင် ၁၉၉၀  မှစကာ ရည်မှန်းချက် သတ်မှတ်လာခဲ့သည့် ဂျီဒီပီနှုန်းထားကို ပထမဆုံးအဖြစ် ရည်မှန်းချက်ထား သတ်မှတ်လာခြင်း မရှိခြင်းပဲ ဖြစ်သည်။

တရုတ်နိုင်ငံသည် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်ကြောင့် ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် ယခုနှစ် ပထမသုံးလပတ်တွင် စီးပွားရေး ၆ ဒသမ ၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။

“COVID-19 ကပ်ဘေး၏ ကြီးမားလှသည့် မရေရာမှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် အလုပ်အကိုင်များနှင့် လူနေထိုင်မှု အဆင့်အတန်းများ တည်ငြိမ်ရေးကို ဦးစားပေးသွားမည်ဖြစ်ကြောင်း။” အမျိုးသားလွှတ်တော် အဖွင့်၌ ဝန်ကြီးချုပ် လီကာ့ကျန်က ပြောသည်။

“ကျွန်တော်တို့ အခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးနှုန်းကို အတိအကျ ရည်မှန်းချက်ထား သတ်မှတ်နိုင်မှာ မဟုတ်ဘူး။ တစ်ကမ္ဘာ့လုံးမှာ ရောဂါဘေးရယ် စီးပွားရေးနဲ့ ကုန်သွယ်ရေး မရေရာမှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း မခန့်မှန်းနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ပြည်တွင်း စားသုံးမှုများ၊ ရင်နှီးမြုပ်နှံမှုများနှင့် ပို့ကုန်ကဏ္ဍာတို့ ကျဆင်းနေပြီး အလုပ်အကိုင်များအပေါ် ဖိအားများ မြင့်မားနေကာ ဘဏ္ဍာရေးဘေးအန္တရာယ်များလည်း မြင့်တက်လျက်ရှိကြောင်းလည်း လီကာ့ကျန်က သတိပေးသည်။

နိုင်ငံအနေဖြင့် ယခုနှစ်၌ မြို့ပြ အလုပ်အကိုင်ပေါင်း ကိုးသန်းကျော် ဖန်တီးပေးနိုင်ရေးအတွက် ရည်မှန်းချက် ချထားကြောင့် ၎င်း၏ အပြောအရ သိရသည်။ ယင်းနှုန်းထားသည် ၂၀၁၉ ခုနှစ်က ၁၁ သန်း နှုန်းထားထက် ပိုနည်းပါးပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး နှုန်းထားပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly