TNLA လှုပ်ရှားနယ်မြေတွင် ကွာရန်တင်းစခန်းပေါင်း ၃၃ ခုရှိ

ရန်ကုန်၊မေ ၂၂

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ၌လည်း ပျံ့နှံ့ကူးစက်နေခြင်းကြောင့် အားလုံးက စိုးရိမ်နေကြပါသည်။ ထိုသို့ စိုးရိမ်နေသည့် အခြေအနေကို ကျော်လွှားနိုင်ရန်အတွက် အစိုးရသည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် အဖွဲ့အစည်း အသီးသီးဖြင့် လက်တွဲဆောင်ရွက်နေရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပူးပေါင်း ညှိနှိုင်းကာ ဆောင်ရွက်ရန်အတွက်လည်း ကော်မတီတစ်ရပ် ဖွဲ့စည်းပေးထားသည်။

တဘက်မှာလည်း တပ်မတော်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာခဲ့သည်။ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ငြိမ်သက်သွားမလားဆိုသည်မှာ လည်း ဝေခွဲရခက်နေပါသည်။

 မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သော ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မည်သို့ ဆောင်ရွက်နေသလဲ၊ မည်သည့် အခက်အခဲများ ကြုံတွေ့နေရသလဲ၊ အစိုးရနှင့်မည်သို့ ပူးပေါင်းဆောင်ရွက်နေသလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရော တိုးတက်လာနိုင်သလား စသည့် အခြေအနေများနှင့်ပတ်သက် ပြီး PSLF/TNLA မှ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကို မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။         ။  ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး TNLA အနေနဲ့ ဘယ်လိုတွေ လုပ်နေလဲ။

ဖြေ ။        ။ ဒီကိုဗစ်-၁၉ ဗမာပြည်စစ်ဖြစ်ကတည်းက ကျွန်တော်တို့ဘက်မှာလည်း ဒီရောဂါ မပြန့်အောင် ကျနော်တို့ဒေသ မရောက်အောင် ကျွန်တော်တို့ တတ်နိုင်သလောက်ပေါ့၊ ကျွန်တော်တို့ အားနဲ့တတ်နိုင်သလောက် လုပ်ထားပါတယ်။

မေး ။       ။  ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်တဲ့အခါမှာ TNLA အနေနဲ့ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ၊ ဘာလို့ဆို TNLA က အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားခြင်းမရှိသေးတော့ လွတ်လွတ်လပ်လပ် လုပ်လို့ရမှာ မဟုတ်တော့လေ။

ဖြေ ။       ။ အခက်အခဲကတော့ ရှိတာပေါ့၊ ကျွန်တော်တို့ အဓိက ဘတ်ဂျက်ပေါ့၊ ပစ္စည်းကို လုံလုံလောက်လောက်  မသုံးနိုင်ဘူး။ ရှိတဲ့ဘတ်ဂျက်နဲ့ ရှိတဲ့ အင်အားလေးနဲ့တော့ ကျွန်တော်တို့ အလုပ်ဖြစ်အောင် လုပ်ရတာပဲလေနော်၊ မလုပ်လို့ လည်း မဖြစ်ဘူးလေ။

အဓိက အခက်အခဲက ကျွန်တော်တို့ မဟာမိတ် သုံးဖွဲ့(AA-TNLA-MNDAA)က တစ်ဖတ်သတ် အပစ်ရပ်ကြေညာထားတာ ရှိတယ်လေ၊ ဧပြီတစ်လလုံး ကျွန်တော်တို့ ကြေညာထားတယ်၊ နောက်တော့ မေလ ၃ ရက်နေ့က ဒီမေလကုန်ထိ သက် တမ်းတိုးပြီးတော့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးထားတယ်။ အဓိက ဒီကိုဗစ်-၁၉ ကာကွယ်ဖို့ ကျွန်တော်တို့ လွတ် လွတ်လပ်လပ် လုပ်လို့ရအောင်အတွက် ကြေညာထားတာလည်း ဖြစ်တယ်။

ဒါပေမယ့် တချို့အပိုင်းမှာ စစ်တပ်က လှုပ်ရှားတဲ့အခါကျတော့ ကျွန်တော်တို့ လုပ်ရတဲ့ အပိုင်းတွေက အများကြီး အခက် အခဲရှိတာပေါ့။

မေး ။      ။ ကျန်းမာရေး ပစ္စည်းတွေရော အလုံအလောက်ရှိရဲ့လား၊ လူနာတွေကို ဘယ်လိုကုလဲ ၊ဘယ်ကို လွှဲပေးလဲ။

ဖြေ ။      ။ ပစ္စည်း ကိရိယာတွေနဲ့ ပတ်သက်တော့ ကျွန်တော်တို့က ရှိတဲ့ ဘတ်ဂျက်လေးနဲ့ ဝယ်သုံးရတာပေါ့၊ ဥပမာ mask တို့ PPE ဝတ်စုံတို့ အဲဒါတွေကတော့ မရှိမဖြစ်လိုအပ်တော့ ဝယ်သုံးရတာပေါ့။ လက်သန့်ဆေးရည်တို့၊ ပိုးသတ် ဆေးတို့၊ အပူချိန်တိုင်း ကိရိယာတွေ ဒါတွေက မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေဖြစ်လို့ ကျွန်တော်တို့ ရှိတဲ့ဘတ်ဂျက်နဲ့ ဝယ် ပြီးတော့ လုပ်ပေးတာပေါ့ ကျွန်တော်တို့ဆီက စခန်းတိုင်းကိုပေါ့။

လုံလောက်မှုတော့ ဘယ်ရှိမလဲ၊ လုပ်ဖြစ်အောင်တော့ လုပ်ရတာပေါ့။ ကျွန်တော်တို့ ဝမ်းသာတာ တစ်ခုရှိတယ်၊ အခု လုပ်ထားတဲ့ ကွာရန်တင်းထဲက လူတွေအားလုံး ရောဂါလက္ခာမရှိဘူး၊ လက်ရှိအထိပေါ့။

မေး ။     ။  TNLA လှုပ်ရှားနယ်မြေထဲမှာ ကိုဗစ်-၁၉ လူနာပဲ ဖြစ်ဖြစ်၊ သံသယလူနာပဲဖြစ်ဖြစ်၊ ကွာရန်တင်း ဝင်ရတဲ့ သူပဲ ဖြစ်ဖြစ်ရှိလား၊အကယ်၍ စောင့်ကြည့်ဖို့လိုအပ်တဲ့ လူတွေကို ဘယ်မှာ ထားပြီးတော့ ဘယ်လို ကုသပေးဖို့ စီစဉ် ထားလဲ။

ဖြေ ။      ။ အခုလက်ရှိ ကျွန်တော်တို့ ပြီးခဲ့တဲ့ လဆန်းပိုင်းအထိပေါ့လေ ကွာရန်တင်း စခန်းပေါင်းက ၃၃ ခုရှိတယ်၊ အဲဒီ စခန်းထဲမှာ ကျွန်တော်တို့ ဝင်လာတဲ့လူက ၂၃၆ ယောက်၊ အခု ပြန်လို့ရတဲ့လူကတော့ ၁၃၂ ယောက်ရှိတယ်။ အခုလက် ရှိ ကျန်တာ ၁၀၄ ယောက်ပေါ့ ဒါက အောက်က ကျွန်တော်ကို ပို့လာတဲ့ စာရင်းအရ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။

ကွာရန်တင်း လုပ်တဲ့နေရာက နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုက်မြို့နယ်၊ မိုင်းယော်ဒေသ (လာရှိုးမြို့နယ်)၊ နမ္မတူမြို့နယ်တို့ရဲ့ တောင်ပေါ်ကျေးလက်ဒေသရှိ ကျေးရွာများ အားလုံးပါ။

ဒီကွာရန်တင်း စခန်းကို ဝင်လာတဲ့လူတွေက ထိုင်းတို့၊ စင်္ကာပူတို့၊ မလေးတို့က ပြန်လာတဲ့လူတွေ သူတို့ကို က ွာရန်တင်း လုပ်ထားတာ။

မေး ။      ။ UWSA နဲ့ NDAA ဆိုရင် တရုတ်အစိုးရ ယူနန်ပြည်နယ်မှာ သူတို့ဒေသက ကိုဗစ်-၁၉ လူနာတွေကို ကုသခွင့်ရဖို့ ချိတ်ဆက်ထားတယ်၊ ယူနန်ကိုလွှဲပြီးတော့ ကုသပေးတယ် TNLA အနေနဲ့ရောဘယ်လိုမျိုး စီစဉ်ထားလဲ။

ဖြေ ။      ။ သံသယလူနာရှိရင် ဘယ်လိုလုပ်မလဲ၊ ရောဂါလက္ခာရှိရင် ဘယ်လိုလုပ်မလဲ စသဖြင့်ပေါ့၊ ဒါကတော့ သူတို့ ဒေသတိုင်းမှာ ကျွန်တော်တို့ဒေသန္တရ ကျန်းမာရေးအဖွဲ့လည်းရှိတယ်၊ အစိုးရ ဒေသန္တရကျန်းမာရေးအဖွဲ့လည်းရှိတယ်၊အဲဒါ ကို ချိတ်ဆက်လုပ်ဖို့တော့ စီစဉ်ထားတဲ့အပိုင်းရှိပါတယ်။

ဒါပေမယ့် လက်ရှိ အနေအထားအထိ သံသယလူနာ မရှိတဲ့အခါကျတော့ ဒါပြဿနာမရှိဘူး၊ ချိတ်ဆက်လုပ်ဖို့လည်း လက်ရှိ အခြေအနေအထိ မရှိသေးဘူး ခင်ဗျာ။

မေး ။     ။  အစိုးရက လက်နက်ကိုင်တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်မယ်လို့ စာတွေ ပို့တာရှိတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေလဲ၊ အဲမှာ ဘယ်လိုအကူအညီအထောက်အပံ့တွေရလဲ။

ဖြေ ။      ။ အစိုးရ အနေနဲ့ ပူးပေါင်းလုပ်ဖို့ သူတို့ ကော်မတီဖွဲ့တာရှိတယ်၊ စာလည်း ပို့တာ ရှိတယ်။ ဒါပေမယ့် လက်တွေ့ အောက်ခြေအထိတော့ ဘာမှလုပ်ငန်း အကောင်အထည်ဖော်တာ မရှိသေးဘူး၊ ဆက်သွယ်လာမှုလည်း မရှိသေးဘူး။ ဒါက တော့ လက်ရှိ အနေအထားပေါ့ဗျ။

အခုချိန်ထိတော့ ကိုယ့်ပြည်သူ ကိုယ့်လူထု ကိုယ့်ကျေးရွာလူထုနဲ့ ပူးပေါင်း လုပ်တာပဲ ရှိသေးတယ်။

မေး ။      ။ အခု ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လို အထောက်အကူတွေရစေမယ်လို့ မျှော်လင့်မိလဲ။

ဖြေ ။      ။ ကျွန်တော်တို့ သိပ်တော့ မျှော်လင့်မထားပါဘူး၊ ဒါပေမယ့် လက်ရှိ ကိုဗစ်-၁၉ ရောဂါက အဓိက ပြဿနာကြီး ဖြစ်တဲ့ အခါကျတော့ ဒါကို ဝိုင်းဝန်းလုပ်ရမယ့် အပိုင်းတွေ အများကြီးရှိတယ်။ အခုလက်ရှိ ဗမာပြည်မှာလည်း ၂၀၀ နီးနီး တောင် ကပ်နေပြီး။

အဲဒီ ရောဂါကို ကျွန်တော်တို့ ထက်ပြီး မပြန့်ပွားအောင် ထက်ပြီးမဆိုးဝါးအောင် ရပ်တန့်အောင် အဖွဲ့အစည်းတစ်ခုရယ်လို့ မဟုတ်ဘူး၊ ဒါလူတိုင်းလူတိုင်းမှာ တာဝန်ရှိကြတယ်။ မိမိကိုယ်၌မှာလည်း တာဝန်ရှိတယ် အဲလိုခံယူတဲ့အခါကျတော့ ကျွန် တော်တို့ အဖွဲ့အစည်းက ဒါကို ပထမဦးစားပေးအနေနဲ့ လုပ်ရတဲ့ အပိုင်းတွေ ရှိတယ်။

မနေ့(မေလ ၉ ရက်) ကပဲ စစ်တပ်ကနေ ထုတ်ပြန်တာရှိတယ်၊ သြဂုတ်လအထိ သူတို့ အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ လုပ်တာရှိတယ်။ ဒီကိုဗစ်-၁၉ ရောဂါ ပူးပေါင်း ကာကွယ်ဖို့ရယ်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆက်သွားဖို့ရယ် ဒါတွေ ကြေညာထားတာတော့ တွေ့တယ်။

ဒီငြိမ်းချမ်းရေး ဖြစ်ဖို့ဆိုတာ တစ်ဖက်ရဲ့ ကြိုးပမ်းမှုနဲ့တင် မလုံလောက်ဘူးလေ၊ နှစ်ဖက်စလုံး သဘောတူမှ ဆန္ဒတူညီမှသာ သွားလို့ရတဲ့ ကိစ္စဖြစ်တယ်။ ဒီကိုဗစ်-၁၉ ရောဂါ ဒီလောက် ကမ္ဘာမှာ ပြင်းထန်နေတဲ့အချိန်မှာလည်း ၂၀၀ နီးပါးထိ ရှိလာပြီး တော်တော်လေး စိုးရိမ်ရတဲ့ အချိန်မှာ ရခိုင်ပြည်မှာ သူတို့စစ်ဆင်ရေးက တော်တော်လေး ပြင်းထန်တယ်။ အရပ်ဖက် ပစ်မှတ်တွေ ထိတာလည်း တော်တော်လေး များလာတာတွေ့တယ်လေ၊ အဲအပိုင်းမှာ ကျွန်တော်တို့က တော်တော်လေး စိုးရိမ်မိပါတယ်။

တကယ်လို့ အဲဒီဒေသမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားပြီးတော့ မထိန်းနိုင်လို့ရှိရင် ဘယ်လို ဆက်လုပ်မလဲဆိုတာ တော်တော် လေး စိုးရိမ်ရတဲ့ အပိုင်းရှိတယ်။ အခု သူတို့ သြဂုတ် ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲထားတယ် ရခိုင်ဘက်မှာ အကျုံးဝင်လာ ဆိုတာတော့ ပြောဖို့တော့ ခက်တယ်။ ဘယ်လောက် အတိုင်းအတာထိ တစ်နိုင်ငံလုံးအထိ အကျုံးဝင်နိုင်လား၊ အဓိက ရခိုင်က ပြင်းထန်နေတဲ့ စစ်ပွဲရပ်နိုင်မလားဆိုတာတွေတော့ ကျွန်တော်တို့ နည်းနည်းတော့ သံသယရှိတယ်။ တကယ်လို့ အားလုံး အကျုံးဝင်တယ်၊ ရခိုင်မှာလည်း အကျုံးဝင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။

အကြမ်းဖက်အဖွဲ့အစည်း တည်ရှိသည့် နေရာမှအပ ကျန်ဒေသများကို မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်ထားတယ်ဆိုတော့ AA ဒေသမှာ စစ်ပွဲက ပိုပြင်းထန်လာနိုင်တယ်လို့ မြင်တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly