ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် အာမ မခံနိုင်ဟု အမေရိကန်သိပ္ပံပညာရှင်သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် အာမ မခံနိုင်ဟု အမေရိကန်သိပ္ပံပညာရှင်သတိပေး

မေ၂၂

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေသည် ကြာသပတေးနေ့၌ ငါးသန်းကျော်သွားစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘယ်သောအခါမျှ ရှာတွေ့နိုင်မည်မဟုတ်ကြောင်း HIV/AIDS နှင့်ကင်ဆာရောဂါများကို ရှေးဦးသုတေသနပြုခဲ့သည့် ထိပ်တန်းအမေရိကန်သိပ္ပံညာရှင် William Haseltine က သတိပေးပြောကြားလိုက်သည်။

“ ကိုဗစ်-၁၉ ကာကွယ်ဆေးက ထွက်ပေါ်လာနိုင်ပေမယ့် အားကိုးလို့မဖြစ်ဘူး” ဟု သိပ္ပံပညာရှင် William Haseltine က ပြောသည်။ လော့ဒေါင်းများပြန်လည်စတင်လုပ်ဆောင်နေသည့်နိုင်ငံများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ကူးစက်မှုခြေရာခံခြင်းနှင့် တင်းကျပ်သော သီးသန့်နေခြင်းစီမံချက်များ လုပ်ဆောင်သင့်သည်ဟု Haseltine က ရိုက်တာသတင်းဌာနကို ပြောသည်။

ထိုနည်းလမ်းများသည် အချို့နိုင်ငံများတွင် ရောဂါပျံ့နှံ့မှုကို သက်သာစေပြီး အောင်မြင်ကြောင်း သာဓကရှိသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကူးစက်သူအရေအတွက်မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ကြာသပတေးနေ့မနက်ပိုင်းထိစာရင်းအရ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၃၂၈ ၀၀၀ ထက်မနည်းရှိပြီး ၅ ၀၀၁ ၄၉၄ ဦး ကူးစက်ခံထားရကြောင်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်က ထုတ်ပြန်ထားသည်။  အမေရိကန်တွင် သေဆုံးသူ ၉၅ ၀၀၃ ဦးနှင့် ရောဂါကူးစက်သူပေါင်း ၁.၅ သန်းကျော်ရှိသည်။

တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေးများကို အပြိုင်အဆိုင်စမ်းသပ်နေကြပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ၎င်းတို့စမ်းသပ်မှုအောင်မြင်ပါက စက်တင်ဘာလတွင် ကာကွယ်ဆေးရနိုင်မည်ဟု ဆိုထားသလို မက်ဆာချူးဆက်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna ကလည်း ၎င်းတို့၏ ကာကွယ်ဆေး ပထမအဆင့်စမ်းသပ်မှုသည်  ဒုတိယအဆင့်စမ်းသပ်မှု ဆက်လုပ်နိုင်လောက်အောင် အောင်မြင်သည်ဟု ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။

ရောဂါကူးစက်နှုန်းများမှာလည်း ကြောက်ခမန်းလိလိဖြစ်နေပြီး ၂၄ နာရီအတွင်းတွင် ကမ္ဘာအဝှမ်း၌ ကူးစက်သူ ၁၀၆ ၀၀၀ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

သို့သော် ယခင်က ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအတွက်ထုတ်ခဲ့သော ကာကွယ်ဆေးများသည် ဗိုင်းရပ်စ် က လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ရာနေရာဖြစ်သည့် နှာခေါင်းအတွင်းရှိ ချွဲအမြှေးပါးကို မကာကွယ်ပေးနိုင်ဟု Haseltine ဆိုသည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် အဆုတ်ကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဗိုင်းရပ်စ်ပမာဏ လျော့သွားသည်ကို တွေ့ရှိနိုင်သော်လည်း ကူးစက်မှုမှာ  ဆက်ဖြစ်နေသေးသည်။  ထိရောက်သောကုသမှုနှင့် ကာကွယ်ဆေးမရှိပါက ဗိုင်းရပ်စ်ကူးစက်သူများကို အတည်ပြုကာ သီးသန့်ထားခြင်းဖြင့် ထိန်းချုပ်နိုင်ကြောင်း၊ လူများသည် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ အရာဝတ္ထုမျက်နှာပြင်များသန့်ရှင်းခြင်းနှင့် ခပ်ခွါခွါနေခြင်းများ လုပ်သင့်ကြောင်း Haseltine က အကြံပြုပြောဆိုထားသည်။

ကိုဗစ်-၁၉ နာလန်ထလူနာများလှူဒါန်းထားသော သွေးရည်ကြည်များကို ဗိုင်းရပ်ကူးစက်ခံရသောလူနာများအတွက် အသုံးပြုနေကြပြီး hyperimmune globulin  ခေါ် သန့်စင်ထားသော သွေးရည်ကြည်ပုံစံအသစ်ဖြင့် ထုတ်လုပ်ရန် ဆေးဝါးထုတ်လုပ်သူများက ကြိုးစားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly