သံရုံးအစီအစဉ်ဖြင့် ဘန်ကောက်မြို့မှ ရွေ့ပြောင်းလုပ်သား၂၀၀ကျော် စတင်ပြန်လာမည်

သံရုံးအစီအစဉ်ဖြင့် ဘန်ကောက်မြို့မှ ရွေ့ပြောင်းလုပ်သား၂၀၀ကျော် စတင်ပြန်လာမည်
Photo - AFP

မေ ၂၁ ရက်၊ ၂၀၂၀

ထိုင်းနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ပြန်လာရန်စာရင်းပေးထားသူများအနက်မှ မေလ ၂၂ ရက်နေ့တွင် သံရုံးအစီအစဉ်ဖြင့် ဘန်ကောက်မြို့မှ ပထမဆုံးပြန်လာမည့်ရွေ့ပြောင်းလုပ်သား၂၀၀ ကျော်ရှိကြောင်း ဘန်ကောက်မြို့အခြေစိုက် အလုပ်သမားသံအရာရှိရုံးမှသိရသည်။

မေလ၂၂ရက်နေ့တွင်ပြန်လည်ပို့ဆောင်ပေးမည့်လူဦးရေစာရင်းတွင်စုစုပေါင်း၂၁၀ဦးပါဝင်ပြီးဘန်ကောက်မှည၁၀နာရီတွင်တစ်ကြိမ်ည၁၁နာရီတွင်တစ်ကြိမ်တစ်ရက်နှစ်ကြိမ်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသံရုံးမှထုတ်ပြန်ထားသည်။

ပြန်ခွင့်ရသူများတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ အဓိကပါဝင်ပြီး ဗီဇာသက်တမ်းကုန်သူများ၊ တရားမဝင်နေထိုင်သူများကိုပါ ပြန်ခွင့်ပြုထားကြောင်း မြဝတီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

 “ပြန်ချင်တာကတော့ အကြောင်းစုံပါပဲ ရှေ့ပြန်လာတဲ့သူတွေကို မေးကြည့်တဲ့အခါမှာတော့ တချို့ကျ အလုပ်က ထွက်လာတဲ့သူရှိတယ်၊ တချို့ကျ စက်ရုံပိတ်လိုက်လို့ ထွက်လာတဲ့သူရှိတယ်၊ အခု တချို့စက်ရုံတွေပြန်ဖွင့်တော့ သူတို့အလုပ်ကထွက်ပြီးသား ဖြစ်နေတော့ ပြန်ဝင်လို့မရတော့ဘူး၊ ဗီဇာသက်တမ်းကုန်လို့ ပြန်လာတဲ့သူရှိတယ် အစုံပါပဲ”ဟု ၎င်းကဆိုသည်။

လိုက်ပါစီးနင်းရန် အမည်စာရင်းပါသူများအနေဖြင့် စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းသို့ ထိုင်းစံတော်ချိန် ညနေ ငါးနာရီထက် နောက်မကျစေဘဲ လာရောက်ရမည်ဖြစ်ပြီး ဘန်ကောက်မြို့ရှိ မော်ချစ်ကားဂိတ်သို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကာ ထိုမှတဆင့် မဲဆောက်- မြဝတီနယ်စပ်ဂိတ်သို့ ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

 ထိုင်းနိုင်ငံတွင် ခရိုင်တစ်ခုနှင့်တစ်ခုနယ်ကျော်မသွားရ၊ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့်အချိန်တွင် မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည် ဝင်ရောက်လိုသော မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက် နယ်စပ်ဂိတ်များသို့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန် မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းစီစဉ်ကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သံအရာရှိများကဆိုသည်။

သံအရာရှိရုံး၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် နေရပ်ပြန်ရန်စာရင်းပေးသွင်းလိုသူများအနေဖြင့် ခရီးသည်တစ်ဦးလျှင် ဘတ်စ်ကားခ ထိုင်းငွေ ၁၀၄၈ဘတ်၊ မဟာချိုင်မှ မောချစ် ကားဂိတ်သို့ ကားခ ဘတ် ၁၅၀ကြိုတင် ပေးသွင်းရမည်ဖြစ်ပြီး မပေးသွင်းသူများမှာ ထုတ်ပြန်သည့်စာရင်းတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအာဏာပိုင်များ ချမှတ်ထားသည့် စည်းကမ်းအတိုင်း သွားလာနိုင်မှုအပေါ် မူတည်ပြီး သွားလာခွင့်အရေအတွက်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရန် စာရင်းပေးထားသူအရေအတွက်မှာ သုံးသောင်းခန့် ရှိကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးစောင့်ကြည့်(quaratine)စင်တာများတွင် ၂၁ရက် နေထိုင်ရမည်ဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်တို့တွင် ထိုင်းနိုင်ငံမှပြန်လာမည့်သူများအတွက် quaratineစင်တာများ စီစဉ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly