ဆည်များ ကျိုးကျမှု ဖြစ်ပြီးနောက် မီချီဂန်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ

ဆည်များ ကျိုးကျမှု ဖြစ်ပြီးနောက် မီချီဂန်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ

မေ ၂၀

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် ဆည်နှစ်ခု ကျိုးပေါက်မှု ဖြစ်ခဲ့ပြီး လွန်ကဲသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကြောင့် ပြည်နယ်ရှိ မစ်ဒ်လန်း ကောင်တီအတွက် အရေးပေါ် အခြေအနေတစ်ရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gretchen Whitmer က မေလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် Edenville နှင့် Sanford ဆည်တို့ ပြိုကျ ကျိုးပေါက်ခဲ့ခြင်း ဖြစ်ပြီး အနီးအနားတွင် နေထိုင်သည့် ဒေသခံများကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွန်ကြားခဲ့ရကြောင်း မစ်ဒ်လန်း ကောင်တီ တာဝန်ရှိသူများက ပြောသည်။

“ နောက်လာမယ့် ၁၂ နာရီ ကနေ ၁၅ နာရီအတွင်း မစ်ဒ်လန်းမြို့ထဲမှာ ပျမ်းမျှ ရေအမြင့် ၉ ပေ အောက်ကို ရောက်သွားနိုင်ပါတယ်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

လက်ရှိအချိန်အထိ နေအိမ်ပေါင်း ၃,၅၀၀ နှင့် ပြည်သူ တစ်သောင်းခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွန်ကြားထားပြီးဖြစ်ကြောင်း မစ်ဒ်လန်း ကောင်တီ ကော်မရှင်နာများဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mark Bone ကို ကိုးကားပြီး CNN က ဖော်ပြသည်။

လက်ရှိအချိန်အထိ သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု သတင်းများ ထွက်ပေါ်ခြင်း မရှိဟုလည်း အဆိုပါ ဥက္ကဋ္ဌဖြစ်သူကို ကိုးကားပြီး CNN က ပြောသည်။

ဒေသခံများကို တတ်နိုင်သမျှ ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းရန်နှင့် Tittabawassee မြစ်နှင့် တတ်နိုင်သမျှ ဝေးဝေးနေကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly