မာလီနိုင်ငံက Paris Club မြီရှင်အဖွဲ့ထံမှ ကြွေးမြီပေးချေမှု ယာယီဆိုင်းငံ့ခွင့်ရသည့် ပထမဆုံးအာဖရိကနိုင်ငံဖြစ်လာ

မာလီနိုင်ငံက Paris Club မြီရှင်အဖွဲ့ထံမှ ကြွေးမြီပေးချေမှု ယာယီဆိုင်းငံ့ခွင့်ရသည့် ပထမဆုံးအာဖရိကနိုင်ငံဖြစ်လာ

မေ ၂၀

မာလီနိုင်ငံသည် မြီရှင်နိုင်ငံများအဖွဲ့ Paris Club မှ ကြွေးမြီပေးချေမှု ယာယီဆိုင်းငံ့ခွင့်ရသည့် ပထမဆုံးနိုင်ငံဖြစ်လာသည်ဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင်‌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက G 20 နှင့် Paris Club တို့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမှ ပေးရန်ရှိသည့် ကြွေးမြီအများစုကို လျှော့ပေါ့ပေးရန် သဘောတူခဲ့ကြသည်။

“ နီပေါ၊ မာလီ၊ ဒိုမီနီကန်နှင့် ဂရီနေဒါ စတဲ့ နိုင်ငံလေးနိုင်ငံကို ကြွေးမြီပေးချေမှုဆိုင်းငံ့ပေးဖို့  Paris Club နဲ့ သဘောတူလက်မှတ်ရေးထိုးပြီးပါပြီ” ဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

စုစုပေါင်းကြွေးမြီ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံရှိသည့် နိုင်ငံ ၇၇ နိုင်ငံသည် ယခုနှစ်အတွက် ကြွေးမြီပေးဆပ်ရန် ဆိုင်းငံ့ခွင့်ရှိသည်။

ဆာဟာရဒေသခွဲ အာဖရိကနိုင်ငံ ၄၉ နိုင်ငံအနက် ၄၁ နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ကြွေးမြီပေးရန်ရှိနေသည်။

နိုင်ငံအများတွင် လော့ဒေါင်းများချမှတ်လိုက်သောကြောင့် ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်ခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ကျန်းမာရေးကဏ္ဍအတွက် ငွေကြေးသုံးစွဲနေရသဖြင့် အစိုးရ၏ဝင်ငွေများစွာ ထိခိုက်ခဲ့ကြသည်။

တခြားနိုင်ငံ ၂၀ မှာလည်း ကြွေးမြီပေးချေမှု ယာယီဆိုင်းငံ့ခွင့်ရရန် နောက်ဆုံးအဆင့်ရောက်ရှိနေပြီ ဟုဆိုသည်။ ပါကစ္စတန်၊ အီသီယိုးပီးယား၊ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ ကင်မရွန်းနှင့်မော်ရီတေးနီးယားနိုင်ငံများအတွက်လည်း ၎င်းတို့၏လျှောက်ထားမှုများအတွက် အပြီးသတ်လုပ်ဆောင်နေကြောင်း တခြားရင်းမြစ်တစ်ခုတွင်ဖော်ပြထားသည်။

Paris Club မြီရှင်အဖွဲ့သည် လာမည့်ရက်များအတွက် ကျန်ရှိနေသေးသည့်နိုင်ငံများမှ တောင်းဆိုလျှောက်ထားမှုများရောက်လာနိုင်သည်ဟု မျှော်လင့်ထားကြသည်။

ချေးငွေပေးဆပ်မှုကို ယခုနှစ်မှစ၍ သုံးနှစ်တိုင် ပေးဆောင်ရန်မလိုဘဲ ၂၀၂၂ ခုနှစ်တွင် တစ်ဖန် စတင်ပေးချေရမည်ဖြစ်သည်။ Paris Club သည် စက်မှုထိပ်သီးနိုင်ငံများဖြင့်ဖွဲ့စည်းထားပြီး ဆင်းရဲချို့တဲ့သောနိုင်ငံများအား ချေးငွေထောက်ပံ့ပေးနေသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်တို့က ကြွေးမြီများကို လျှော်ပစ်ရန်တောင်းဆိုထားကြသော်လည်း ချေးငွေထောက်ပံ့ပေးသည့် တရုတ်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျနှင့် တူရကီ စသည့် G 20 နိုင်ငံများနှင့်အတူ Pris Club သည် ကြွေးမြီပေးချေမှု ယာယီဆိုင်းငံ့ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required