ပလက်ဝက တိုက်ပွဲရှောင် ၂၀၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

ပလက်ဝက တိုက်ပွဲရှောင် ၂၀၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်နေ
ပုံ- ချင်းပြည်နယ်က တိုက်ပွဲရှောင်များ( ပုံ - မိုင်နန်းဝေ)

ရန်ကုန်၊မေ ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပါစွန့်ခွာ ထွက်ပြေးနေရသည့် တိုက်ပွဲရှောင် ၂၀၀၀၀ ကျော်သည် စားနပ်ရိက္ခာပြတ်လပ်ကာ အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း ချင်း တိုက်ပွဲရှောင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI)က ယနေ့ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းစွန်းစွန်းရှိပြီး၊ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်ခံစားရနေသည့်နယ်မြေများတွင် နေထိုင်သူ လူဦးရေ ၆၀၀၀၀ ကျော်ရှိကာ၊ ယင်းတို့အနက် (တိုက်ပွဲရှောင် လူဦးရေ ၅၀၀၀ ကျော်အပါအဝင်) လူဦးရေ ၂၀၀၀၀ ကျော် မှာ လတ်တလော စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေသည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပလက်ဝသို့ ပို့ရန် စီစဉ်ထားသော ဆန်အိတ် ၄၀၀၀ ကျော်ရှိသလို ချင်းပြည်နယ် ဆမီးမြို့၌ ဆန်အိတ် ၅၀၀၀ ကျော်ရှိသော်လည်း တိုက်ပွဲများဖြစ်နေသည့်အတွက်ကြောင့် ရေကြောင်း အပြင် ကုန်လမ်းကပါ ပို့ဆောင်မရဖြစ်နေကြောင်း ပြောသည်။

“ အခု ကုလားတန်မြစ်ကြောင်းမှာက တိုက်ပွဲကလည်း ဖြစ်နေတော့ တစ်ရွာနဲ့ တစ်ရွာ သွားလို့မရဘူး။ အဲ့ဒါကြောင့် စားဝတ်နေရေးက တော်တော် ခက်ခဲတဲ့ အနေအထားကို ရောက်နေတာပေါ့။ အခု စစ်တွေမှာ ဆန်အိတ် ၄၃၉၀ အိတ် ရှိနေပြီး ဆမီးမှာက ဆန်အိတ် ၅၆၆၅ အိတ် ရှိပေမယ့် ရေလမ်းရော၊ ကုန်းလမ်းရောက ပို့လို့မရလို့ အခုထိ ပလက်ဝကို မပို့နိုင်ဘူး။ အခု သမ္မတရုံးအထိ ဒီအခြေအနေကို တင်ပြထားပြီး တပ်မတော်ဘက်ယာဉ်တွေ နဲ့ ဆမီးဘက်ကနေ ပလက်ဝဘက်ကို ဆန်အိတ် ၃၅၀၀ ပို့ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် ဝန်ကြီး ဦးစိုးထက်က တိုက်ပွဲရှောင်များအတွက် IDP Camp ဆောက်ပေးရန် ဆမီး၊ ပလက်ဝ၊ မီးဇာ၊ စိမ့်ဆင်းဝ စသည့် ဒေသများရှိ တိုက်ပွဲရှောင်စာရင်းကို ပြည်ထောင်စု အစိုးရထံတင်ပြထားကြောင်း၊ ပလက်ဝမြို့နယ် အတွင်းတွင် လူဦးရေ ၁၁၀၀၀၀ ရှိသည့်အနက် ကုလားတန်မြစ် တကြောမှာ နေထိုင်သည့် ဒေသခံ ၆၀၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိပြီး ဆမီးဘက်တွင် ၄၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ ကုလားတန်မြစ်ကြောတွင် နေထိုင်သူများ ပိုမိုဒုက္ခရောနေကြောင်း ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် တိုက်ပွဲရှောင်နေသူ  အိမ်ထောင်စု ၁၁၃၂ စု၊ လူဦးရေ ၅၀၉၀ ဦး (ကျား ၂၃၃၇၊ မ ၂၇၅၃)ရှိပြီး ဆမီးမြို့၌ အိမ်ထောင်စု ၆၉၈၊ လူဦးရေ ၂၉၆၁ ဦး (ကျား ၁၃၈၇၊ မ ၁၅၇၄)ရှိကြောင်း RRCCI ၏ ယနေ့ထုတ်ချက်မှာ ဖော်ပြထားသည်။

ပုံ - ချင်းပြည်နယ်က တိုက်ပွဲရှောင်များ( ပုံ - မိုင်နန်းဝေ)

ထိုတိုက်ပွဲရှောင်များ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် RRCCI က ဆောင်ရွက်ပေးနေပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူကယ်ပြန်ဝန်ကြီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်းကာ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဧပြီလ ၁၉ ရက်ထိ ဆန်အိတ်ပေါင်း ၃၈၃၀ အိတ်ပေးထားပြီဖြစ်သည်။

သို့သော် တိုက်ပွဲရှောင်များပြားသည့်အတွက် လောက်ငှမှုမရှိပဲ နှစ်ပတ်စာအတွက်ထားရှိသည့်အတွက် ယခု တိုက်ပွဲရှောင် ၂၀၀၀၀ ကျော်အတွက် ဆန်အိတ်ပေါင်း သောင်းချီလိုအပ်ကြောင်း RRCCI မှ အတွင်းရေးမှူး ဦးစောမြက ပြောသည်။

RRCCI) ၏ အတွင်းရေးမှူး ဦးစောမြက“ ပြဿနာက ဆမီး နဲ့ ပလက်ဝ ကြား လမ်းက တိုက်ပွဲတွေ ရှိလို့ ပိတ်ထားတော့ ပြီးခဲ့တဲ့ တစ်ခေါက်က ဆန်အိတ် ၂ ထောင်ကျော် (၂ပတ်စာ) လောက်ကိုဘဲ ပို့ပေးထားနိုင်တယ်။ ကျွန်တော်တို့ အစီအစဉ်ရယ်၊ WFP ရယ်၊ ပြည်နယ်အစိုးရရယ်၊ ပြည်ထောင်စုအဆင့်ကရယ် ပေးတဲ့ ဆန်အိတ်တွေက ဆမီးမှာ ၃၀၀၀၊ ၄၀၀၀ ကြားရှိပေမယ့် ဒါတွေ မပို့နိုင်ဘူး ဖြစ်နေတာ။ ဒုက္ခသည်တွေ ဖူလုံဖို့ ဆန်အိတ်က သောင်းနဲ့ ချီ လိုမှာဖြစ်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေမှာ အကူအညီတောင်းခံတာတွေ နဲ့ အစိုးရ အဖွဲ့အစည်းတွေကနေ ပံံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် အဓိကက တိုက်ပွဲတွေ ရှိနေတော့ ပို့ဖို့အတွက် အခက်အခဲ ဖြစ်နေတာက ဖြေရှင်းလို့ မရဘူး” ဟု ပြောသည်။

စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည့် တိုက်ပွဲရှောင် ၂၀၀၀၀ ကျော်မှာ ပလက်ဝမြို့ပေါ်ရှိ တိုက်ပွဲရှောင် ၅၀၀၀ ကျော်နှင့် ပလက်ဝမြို့၏ ၁၀ မိုင်ပတ်လည်ရှိ ကျေးရွာများက တိုက်ပွဲရှောင်များဖြစ်ကြောင်း RRCCI ကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly