ဆိုင်ကလုန်းအမ်ဖန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်း

ဆိုင်ကလုန်းအမ်ဖန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်း

မေ ၁၉

စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မိုးသက်လေပြင်းကျရောက်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒမိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောသည်။

“အဓိကကတော့ရခိုင်ပြည်နယ်ပေါ့နော်၊မုန်တိုင်းဝင်မှာကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်ကကမ်းခြေတွေကိုဝင်မှာဆိုတော့ရခိုင်ပြည်နယ်နဲ့မုန်တိုင်းကအပေါ်ကိုတက်လာတဲ့အတွက်ကြောင့်အဝန်းအဝိုင်းနီးတဲ့အတွက်မြစ်ဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်းမှာလှိုင်းလေထန်မယ့်အနေအထားရှိတယ်။"၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရောက်လျှင်အားလျော့လာမည်ဖြစ်ပြီးလှိုင်းနဲ့လေတိုက်နှုန်းလျော့သွားနိုင်ပေမယ့်ရခိုင်ကမ်းရိုးတန်းမှာတော့မုန်တိုင်းအရှိန်ကြောင့်မိုးသက်လေပြင်းကျနိုင်ကြောင်းသိရသည်။

အဆိုပါမိုးသက်လေပြင်းကျရောက်မှုကြောင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်တစ်နာရီလျင်၄၅မိုင်ခန့်တိုက်မည်ဖြစ်သောကြောင့်ကြံ့ခိုင်မှုအားနည်းသောနေအိမ်များ၊မြေစိုက်တဲ့များတွင်နေထိုင်သူများသတိထားသင့်ကြောင်းသိရသည်။

မေလ၁၉ရက်နံနက်၉နာရီခွဲအချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့်စူပါဆိုင်လုန်းမုန်တိုင်းအမ်ဖန်သည် မြောက်၊အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ပါရာဒစ်ပ်မြို့(Paradip)၏တောင်ဘက်ရေမိုင်၂၈၀အကွာ၊ဒီဂါမြို့၏တောင်ဘက်ရေမိုင်၃၆၀မိုင်ခန့်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကမ်ပူပါရာမြို့(Khepupara)၏အနောက်တောင်ဘက်ရေမိုင်၄၇၀မိုင်ခန့်တွင်တည်ရှိနေသည်။

မြန်မာနိုင်ငံပုသိမ်မြို့၏အနောက်၊အနောက်တောင်ဘက်ရေမိုင်၄၇၀မိုင်ခန့်နှင့်ဂွမြို့၏အနောက်၊အနောက်တောင်ဘက်ရေမိုင်၄၇၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီးမြန်မာနိုင်ငံကိုဦးတည်ရွေ့လျားမည့်အခြေအနေမရှိခြင်းကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားသည်။

စူပါဆိုင်ကလုန်းမုန်တိုင်းသည်နောက်၆နာရီအတွင်းအလွန့်အလွန်အားကောင်းသည့်ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့အားလျော့ပြီးမြောက်၊အရှေ့မြောက်ဘက်သို့ရွေ့လျားကာအိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကကမ်းခြေဒေသများကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းသိရသည်။

မုန်တိုင်းအရှိန်ကြောင့်မေလ၁၉ရက်မှ၂၁ရက်အတွင်းမြန်မာတစ်နိုင်ငံလုံးနေရာစိပ်စိပ်နှင့်နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်သည်။

စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်တစ်နာရီလျှင်လေတိုက်နှုန်း၂၅မိုင်မှမိုင်၃၀အထိတိုက်ခတ်နိုင်သည်။

မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မိုးသက်လေပြင်းကျရောက်ပြီးမိုးသက်လေပြင်းကျရောက်စဉ်ရေပြင်မြေပြင်လေသည်တစ်နာရီမိုင်၄၀မှ၄၅မိုင်အထိတိုက်ခတ်နိုင်သည်။လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်သည်၉ပေမှ၁၄ပေခန့်ရှိနိုင်သည်။

မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်နာရီမိုင်၃၅မိုင်မှမိုင်၄၀အထိတိုက်ခတ်နိုင်သည်။လှိုင်းအမြင့်သည်၈ပေမှ၁၀ပေခန့်ရှိသည်။

မုန်တိုင်းအရှိန်ကြောင့်မြန်မာ့ပင်လယ်ပြင်မှာမိုးသက်လေပြင်းကျရောက်ပြီးလှိုင်းကြီးနိုင်သောကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ဖြစ်သည့်ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့်သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုသင့်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly