ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ မူလဇာစ်မြစ် စုံစမ်းစစ်ဆေးရေး အဆိုတစ်ရပ်ကို ထောက်ခံသည့် နိုင်ငံပေါင်း ၁၁၀ ကျော် ရှိနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ မူလဇာစ်မြစ် စုံစမ်းစစ်ဆေးရေး အဆိုတစ်ရပ်ကို ထောက်ခံသည့် နိုင်ငံပေါင်း ၁၁၀ ကျော် ရှိနေ

မေ ၁၉

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်လုပ်ဆောင်မှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေးကို ထောက်ခံကြောင်း ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၀ ကျော်က ထုတ်ဖော်သွားခဲ့ကြသည်။

COVID-19 အရေး နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်၍ သမာသမတ်ကျသော၊ လွတ်လပ်သော၊ ပြည့်စုံကျယ်ပြန့်သော အကဲဖြတ်ချင့်တွက်မှုတစ်ခုလုပ်ဆောင်ရေး တောင်းဆိုထားသည့် မူကြမ်းအဆိုပြုချက်တစ်ခုကို သံတမန်များအကြား ဖြန့်ဝေလျက် ရှိပြီး ယင်းကို ယခုအပတ်အတွင်း ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးညီလာခံအတွက် ပြင်ဆင်ထားသည်။

ယင်း အဆိုပြုချက်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယင်းမတိုင်မီကလည်း COVID-19 စတင် ကူးစက်ပျံ့နှံ့ခဲ့သော တရုတ်ကို ရည်ရွယ်ပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန် သြစတြေးလျက ကနဦး အဆိုပြုတောင်းဆိုထားခဲ့သေးသည်။

ယခု မူကြမ်း အဆိုပြုချက်ထဲတွင် ယင်းအဆိုကို ထောက်ခံကြောင်း သဘောထားထုတ်ထားသည့် နိုင်ငံပေါင်း ၁၁၀ ကျော်ကို စာရင်းသွင်းထားသည်။ ယင်းကို မဲခွဲအတည်ပြုနိုင်ရန် အဖွဲ့ဝင် ၁၉၄ နိုင်ငံရှိ ညီလာခံတွင် ထောက်ခံမဲ သုံးပုံ နှစ်ပုံ လိုအပ်မည်ဖြစ်သည်။

တချိန်တည်းမှာပင် ယင်းကဲ့သို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ရန် အချိန်စောလွန်းနေသည်ဟု တရုတ်က မေလ ၁၈ ရက်တွင် ပြောခဲ့သည်။

မူကြမ်း အဆိုပြုချက်ထဲတွင် တရုတ်ကို အမည်တပ် ထည့်သွင်းထားခြင်းမရှိသော်လည်း ယခု အဆိုပြုချက်မူကြမ်း၏ နယ်ပယ်အတိုင်းအတာအရ တရုတ်ကို စစ်ဆေးရန် လုံလုံလောက်လောက် ခွင့်ပြုပေးထားသည်ဟု ထင်မြင်ကြောင်း သြစတြေးလျ တာဝန်ရှိသူများက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required