ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၅ သန်းကို ဘေးကင်းရာ ရွှေ့ပြောင်းရန် ပြင်ဆင်

ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၅ သန်းကို ဘေးကင်းရာ ရွှေ့ပြောင်းရန် ပြင်ဆင်

မေ  ၁၉

ပြင်းအားအဆင့် ၅ ဟာရီကိန်းမုန်တိုင်းတစ်ခုနှင့် ညီမျှသော အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုက ယခုအခါ ပိုမို အရှိန်အားကောင်းလာနေပြီး မေလ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းများသို့ ဝင်ရောက်တိုက်ခတ်သွားရန် ရှိနေသည်။

ယခုအခါ အဆိုပါ နှစ်နိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်များသည်လည်း မုန်တိုင်းအန္တရာယ်ကြောင့် ပြည်သူ ငါးသန်းကျော်တို့ကို ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးရေး စီစဉ်လုပ်ဆောင်နေကြရလျက် ရှိသည်။

တစ်နာရီ အမြန်နှုန်း ကီလိုမီတာ ၂၂၀ မှ ၂၃၀ ( ၁၃၇ မိုင်ကနေ ၁၄၃ မိုင်အထိ) နှုန်းဖြင့် ရွေ့လျားနေသော အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းသည် ၁၉၉၉ ခုနှစ်က အိန္ဒိယအရှေ့ပိုင်း အိုဒီရှားပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် စူပါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် အဆိုးရွားဆုံး မုန်တိုင်း ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း အိန္ဒိယ မိုးလေဝသဌာနမှ ညွန်ကြားရေးမှူးချုပ် Mrutyunjay Mohapatra က ပြောသည်။

စူပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုဒီးရှားပြည်နယ်တွင် လူပေါင်း ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းသည်လည်း တစ်နာရီ ၂၆၅ ကီလိုမီတာအထိ မြင့်တက်ဖွယ် ရှိနေပြီး ယင်းနှုန်းအတိုင်းသာဆိုလျင်  သီးနှံများ၊ စိုက်ခင်းများ၊ သစ်ပင်များ၊ ရွှံ့အိမ်များ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတိုင်များ ပျက်စီးသွားနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုတို့လည်း ထိခိုက်ပျက်ပြားသွားဖွယ် ရှိနေသည်။

ထို့ပြင် မုန်တိုင်းကြောင့် အရွယ်အစားကြီး လှေသင်္ဘောများလည်း ဆိုက်ကပ်ထားရာ ဆိပ်ကမ်းကနေ ကြိုးပြုတ်ထွက်သွားဖွယ် ရှိနေကြောင်း အိန္ဒိယ မိုးလေဝသရုံးက ပြောသည်။

အလားတူ မုန်တိုင်းသည် လူသားနှင့် တိရစ္ဆာန် အသက်ပေါင်းများစွာကို ခြိမ်းခြောက်နေလျက် ရှိသည်။

တချိန်တည်းမှာပင် လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းကိုင်ငန်း လုပ်ဆောင်မှုပိုင်း ကျဆင်းမှုများဖြစ်ပေါ်ထားသည့် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ယခု အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် နောက်ထပ် ထိခိုက်နာကျင်မှုများနှင့် ထပ်မံကြုံတွေ့ခံစားရဖွယ် ရှိနေသည်။

အိန္ဒိယ စီးပွားရေးသည် ဆယ်စုနှစ် လေးခုကျော်အတွင်း ယင်း၏ ပထမဆုံးသော တစ်နှစ်တာပတ်လုံး ကျုံ့ဝင်မှုဆီသို့ ဦးတည်နေသည်။ အလားတူ Fitch Solutions သုတေသနကုမ္ပဏီကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂျီဒီပီ ခန့်မှန်းချက်ကို ဧပြီလက လျှော့ချခန့်မှန်းထားခဲ့သည်။

ယခုအခါ လူပေါင်း ၅ ဒသမ ၁၉ သန်းအတွက် ကမ်းရိုးတန်းဒေသများတွင် ဆိုင်ကလုန်းဒဏ် ခိုလှုံရေး စခန်း ၁၂,၀၇၈ ခုကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြင်ဆင်ထားသည်။

အိန္ဒိယတွင်လည်း အမျိုးသား သဘာဝဘေး တုန့်ပြန်ကာကွယ်ရေး အင်အားစုမှ အဖွဲ့ ၂၅ ဖွဲ့ကို တပ်ဖြန့်ထားကြောင်း၊ နောက်ထပ် အဖွဲ့ ၁၂ ဖွဲ့လည်း အရန်သင့် ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required