ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် နိုင်ငံများကို ဒေါ်လာ ၂ ဘီလီယံ ကူညီမည်ဟု ရှီကျင့်ဖျင် ကတိပြု

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် နိုင်ငံများကို ဒေါ်လာ ၂ ဘီလီယံ ကူညီမည်ဟု ရှီကျင့်ဖျင် ကတိပြု

မေ ၁၉

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် တခြားသော နိုင်ငံများကို အကူအညီအဖြစ် ကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့ပေးမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုသွားခဲ့သည်။

သမ္မတ ရှီသည် မေလ ၁၈ ရက်က ၇၃ ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ညီလာခံ ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုအစည်းအဝေးကနေတဆင့် ပြောဆိုစဉ် ယင်းကြေညာချက်ကို ထုတ်ဖော်သွားခဲ့ခြင်း ဖြစ်သည်။ ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆုံးဖြတ်ချက် ချမှတ်မှု အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးတစ်ခုလည်း ဖြစ်သည်။

ငွေကြေးများကို လာမည့် နှစ်နှစ်အတွင်း ထောက်ပံ့ပေးမည်ဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆီသို့ ဦးစားပေး ပေးအပ်သွားမည်ဖြစ်ကြောင်း ရှီက ပြောသည်။

ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့စဉ် သမ္မတ ရှီက ၎င်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြား လုံးလုံးလျားလျား မတူညီမှုကို ပြသရန် အားထုတ်ခဲ့ပြီး ကမ္ဘာတဝန်း ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ရင်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့်ပတ်သက်၍ ပြောကြားသွားခဲ့သည်။ ထို့ပြင် WHO အပေါ် ပိုမို တိုးမြှင့်ထောက်ခံရန်လည်း ၎င်းက တိုက်တွန်းသွားခဲ့သည်။

ထို့ပြင် တရုတ်သုတေသီများ ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ပြီးမြောက်သွားသည်နှင့်တပြိုင်နက် ယင်းကာကွယ်ဆေးကို ကမ္ဘာတဝန်းရှိ အများပြည်သူ ကောင်းကျိုးအတွက် အသုံးပြုသွားနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီက ကြေညာသွားခဲ့သည်။

တချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ် နှင့် မည်သို့မည်ပုံ ပျံ့နှံ့ခဲ့ပုံနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်စစ်ဆေးမှုတစ်ခု ပြုလုပ်ရေး တောင်းဆိုထားသည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကိုလည်း ယင်းညီလာခံတွင် ဆွေးနွေးသွားကြမည်ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှိပြီး ပွင့်လင်းမြင်သာမှု ရှိကြောင်း တရုတ်က အမွှမ်းတင်ထားသော်လည်း ဗိုင်းရပ်စ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို တားဆီးရန် ကြိုးပမ်းခဲ့သည်။ ညီလာခံ ဖွင်ပွဲ မစတင်ခင် နာရီပိုင်းအလိုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ မူကြမ်း ဆုံးဖြတ်ချက်ကို အချိန်မတန်သေးဟု ပြောဆိုခဲ့သည်။

သို့သော် တရုတ်သမ္မတ ရှီက ၎င်း၏ မိန့်ခွန်းထဲတွင် အနည်းငယ် မတူညီသော လေသံဖြင့် ပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် လိုအပ်ကြောင်းကို တရုတ်နိုင်ငံဘက်က သဘောတူကြောင်း၊ သို့သော် ယင်းကို ချက်ချင်း မလုပ်ဆောင်သင့်သေးကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required