COVID-19 ကာလအလွန် နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ရှေ့အလားအလာ

မေ ၁၈ ၊ ၂၀၂၀
 
ကမ္ဘာ့နိုင်ငံအသီးသီးတွင်COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများကြောင့် နိုင်ငံတကာဝင်ထွက်မှုများ ပိတ်ပင်ခြင်း၊ လေကြောင်းလိုင်းများရပ်နားထားခြင်းနှင့်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်ထားလိုက်ခြင်းများကြောင့် နိုင်ငံ အသီးသီးရှိ ခရီးသွားလုပ်ငန်းများလုံးဝရပ်တန့်ထားလိုက်ရသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ခရီးသွားကဏ္ဍနှင့်ဆက်စပ်သည့် လုပ်ငန်းများအနေဖြင့်လည်း ဝင်ငွေမရှိတော့ဘဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံ တွေ့လျက်ရှိသည်။

 မြန်မာနိုင်ငံရှိခရီးသွားလုပ်ငန်းများ ရပ်တန့်လိုက်ရချိန်တွင် ဟိုတယ်နှင့်တည်းခိုခန်း ၃၀၀၀ကျော်၊ ခရီးသွားလုပ်ငန်း ၃၀၀၀ကျော်နဲ့ဝန်ထမ်း တစ်သိန်းခွဲကျော်အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လျက်ရှိသည့် အနှေး ယာဉ်၊ လှေ၊ အငှားယာဉ်၊ စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်၊ ဈေးသည် နဲ့ ဧည့်လမ်းညွှန် စသည့် ဆက်စပ်လုပ်သား တစ်သိန်းခွဲကျော် အပေါ် သက်ရောက်မှုများရှိခဲ့ပြီး ၎င်းတို့အပေါ် မှီခိုနေကြသည့် မိသားစုများ ထည့်သွင်းတွက်ချက်ပါက ပြည်သူနှစ်သန်းနီးပါး ထိခိုက်မှုရှိနိုင်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၏နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုချက် အရသိရသည်။

ထို့ကြောင့် လက်ရှိမြန်မာ့ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေးနှင့်COVID-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်ရေးနှင့် ပက်သက်၍ပြည်တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်းအဖြစ် လုပ်ကိုင် လျက်ရှိသည့် Nature Dream Travels & Tours မှ လုပ်ငန်းရှင်ဒေါ်စံပယ်အောင်အား မဇ္ဈိမမှဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။
 
မေး : အခုလက်ရှိ အချိန်မှာ ခရီးသွားလုပ်ငန်းတွေအနေနဲ့ လုံးဝရပ်တန့်ထားရတဲ့ အခြေအနေမျိုးဆိုတော့ လုပ်ငန်းလည်ပတ်နေမှု အပိုင်းကိုစပြီး ပြောပြပေးပါ။
 
ဖြေ : မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ခရီးသွားလုပ်ငန်းတွေ လုံးဝရပ်ဆိုင်းပြီး ပြည်တွင်းကိုဝင်မယ့် လေကြောင်းလိုင်းတွေ ရပ်နားထားရတဲ့ အနေအထားပါ။အခုလို ခရီးသွားလုပ်ငန်း လုံးဝရပ်နားထားရတဲ့ အခြေအနေမျိုးမှာတော့ ခရီးစဉ်သစ်ရေးဆွဲတာတွေ၊ COVID-19 ကာလအလွန်အတွက် ပြင်ဆင်တာမျိုးတွေ၊ ဝန်ထမ်းတွေကို ကျွမ်းကျင်မှုကဏ္ဍ မြှင့်တင်တာမျိုးတွေနဲ့ ဟိုတယ်တွေနဲ့ငွေကြေးဆိုင်ရာ ရှင်းလင်းရမှုတွေ ကို လုပ်ကိုင်နေကြပါတယ်။ကျွန်မတို့ အခုပြင်ဆင်ထားတာကတော့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ရင် ပြည်တွင်းခရီးသွားလုပ်ငန်းတွေဘက် အရင်ဆုံးဦးတည်ပြီး လည်ပတ်နိုင်ဖို့ စီစဉ်နေပြီးတော့ ပြည်ပ က လေကြောင်း လိုင်း၊ သဘောၤတွေ နဲ့ ကုန်းလမ်းကနေ တစ်ဆင့် ပြန်လည်ဝင်ရောက်လာမယ့် နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ဝင်ခွင့်ပြုချိန်ကျရင် သူတို့စိတ်ဝင်စားမယ့် ခရီးစဉ်တွေစီစဉ်ထားဖို့ အဓိက ရည်ရွယ်ထား ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ ပြည်တွင်းကရော၊ ပြည်ပကရော ခရီးသွားဧည့်သည်တွေ အနေနဲ့အဓိကမေးလာနိုင်က ကျန်းမာရေးလုံခြုံမှုပေါ့ ဥပမာ ဟိုတယ်တွေ မှာ ကျန်းမာရေး လုံခြုံမှုရှိမလား၊ စားသောက် ဆိုင် နဲ့ သွားလာရေး အစီအစဉ်တွေမှာ ရောဂါကူးစက်မှုမရှိစေဖို့ ဘယ်လို အကွာအဝေးမှာနေဖို့ စီမံထားသလဲ၊ ကျန်းမာရေး အာမခံစနစ်ဘာတွေ ရှိမလဲဆိုတာတွေ ရှိလာနိုင်ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင် နိုင်ချိန်ရောက်လာရင် ခရီးသွားတွေရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ကျန်းမာရေးအာမခံ ကိစ္စကိုလည်း ပုဂ္ဂလိကဘက် နဲ့ အစိုးရဘက် ပူးပေါင်းပြီးလုပ်နေကြပါတယ်။
 
မေး : ဒီ COVID-19 အလွန်ကာလမှာဆိုရင် ခရီးသွားလုပ်ငန်းတွေ ရဲ့ ခရီးစဉ်တွေက ဘယ်ကိုဦးတည်ပြီး သွားလာနိုင်ခြေ များပြားနိုင်မယ်လို့ ယူဆပါသလဲ။
 
ဖြေ : ဒီကာလအလွန်မှာဆိုရင်တော့ မြန်မာ့ခရီးသွားလုပ်ငန်း အများစုအနေနဲ့ ပြည်တွင်းခရီးသွားကို အားထည့်ပြီးတော့ စတင်လုပ်ဆောင်ကြဖို့ ရှိပါတယ်။ပြည်ပ ခရီးသွားကတော့ ၂၀၂၁ လောက်မှ ပြန်လည်ဝင်ရောက်မှု တွေက တည်ငြိမ်လာမှာပါ။ဒီမှာ ထူးခြားမှုတစ်ခုက ခရီးသွားမှုပုံစံပြောင်းလဲသွားမှာပါ။ အရင်က မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားခရီးသွားတွေရဲ့ တစ်ဝက်ကမသိတဲ့ လူတွေစုပြီးလာကြတဲ့ ဈေးနှုန်းသက်သာတဲ့ အုပ်စုလိုက် ခရီးသွားအဖွဲ့တွေများတယ်။ အခု ဒီလို ရောဂါကူးစက်မှုကြောင့် မသိတဲ့လူူတွေ အတူတူသွားကြဖို့က ခက်ခဲသွားပြီးကျန်းမာရေးရှုထောင့်က ကြည့်ရင်အရဲမကိုးနိုင်တော့ဘူး။ ဒီတော့ စီးပွားရေးနဲ့ပက်သက်ပြီး သွားတဲ့ Business Tourတွေ၊ မိသားစုအလိုက် ခရီးစဉ်တွေနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေစုပြီး လာကြတဲ့ခရီးစဉ်တွေ ဖြစ်လာတော့အရင်ကလို လူ ၅၀၊ ၁၀၀ အုပ်စုကြီးတွေကနေ လူငါးယောက်၊ခြောက်ယောက်လောက်နဲ့ လာတဲ့အုပ်စုသေးပုံစံမျိုးတွေ ဖြစ်လာပါမယ်။နောက်တစ်ခုကတော့ နိုင်ငံခြားခရီးသွားတွေရဲ့ တောင်းဆိုမှုကများလာလိမ့်မယ် ဥပမာ တည်းမယ့်ဟိုတယ်ရဲ့ကျန်းမာရေး နဲ့ပက်သက်တဲ့ ထောက်ခံချက်တွေ၊ ခရီးသွားအာမခံ ရောင်းခိုင်းတာတွေ၊ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိချင်တာတွေ၊ လေယာဉ်၊ ကား နဲ့ သဘောၤစီးရမယ်ဆိုရင် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရအောင် စီစဉ်ပေးထားတဲ့ အပိုင်းတွေ၊ ခရီးသွားအေဂျင်စီ ဘက်က ခရီးသည်အတွက် ကျန်းမာရေးနဲ့ပက်သက်တဲ့ လက်အိတ်၊ Mask၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဆေးစတာတွေ ထည့်ထားတဲ့ Security Kit တွေစီစဉ်ခိုင်းတာမျိုးတွေကို ခရီးသွား ကုမ္ပဏီဘက်က လုပ်ပေးရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ခရီးသွားကုမ္ပဏီဘက်ကလည်း ဧည့်သည်ကိုသက်ဆိုင်ရာနိုင်ငံက ခရီးသွားအာမခံချက် တောင်းတာမျိုးတွေ ရှိလာမှာပါ။ ဒါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ကနေ နိုင်ငံခြားခရီးသွားတွေ ပြန်လည်ဝင်ရောက်ခွင့်ပေးတဲ့အခါ ညှိနှိုင်းဖို့ ကိစ္စတွေရှိနေတယ်လို့ သိရပြီးစတင်လုပ်ဆောင်သင့်တဲ့ အချိန်လို့လည်းယူဆပါတယ်။
 
မေး : မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ဘာတွေဖြေလျှော့မှုပေးသင့်သလဲ၊ ခရီးသွားဒေသတွေ အတွက်ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

ဖြေ : အဓိက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို အကြုံပြုချင်တဲ့အချက် သုံးချက်ရှိပါတယ်။ပထမ အချက်က နိုင်ငံတကာဧည့်သည်တွေ ၂၀၂၁ လောက်မှာပြန်လည် ဝင်ရောက်လာတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တာ၊ ဗီဇာနဲ့ပက်သက်တာ၊ ဖြေလျှော့မှုတွေ၊ မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါနဲ့ ပက်သက်ပြီးစီမံထားမှု စတဲ့စာရွက်စာတမ်းကိစ္စ (Documentation Policy)တွေကို သေသေချာချာ ချမှတ်သင့်ပါတယ်။ဒီဘက်က လိုအပ်တာတွေရော၊ ဟိုဘက်က တောင်းရမှာတွေရော ကြိုတင်စီစဉ်ထားသင့်ပါတယ်။ဒုတိယအချက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဘက်က နိုင်ငံတွင်းမှာရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွားကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေမှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကနေ ရောဂါကူးစက်မှုအပေါ် စိုးရိမ်စိတ်မရှိဘဲ စိတ်ချလက်ချ လည်ပတ်တည်းခို စားသောက်နိုင်မယ့် ကျန်းမာရေးလုံခြုံမှု အာမခံချက်ပုံစံမျိုး စတစ်ကာတွေ၊ တံဆိပ်ပြားတွေ ထားရှိပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံခြားခရီးသွားတွေ ပြန်ဝင်လာတဲ့အခါ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝအလှတွေ၊ လူလုပ်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေ ပြင်ဆင်ဖို့အတွက်ကို ဒီနှစ်ကုန်လောက်အထိ အချိန်ရနေပါတယ်။၂၀၂၀ခုနှစ်အတွင်းမှာ စီမံကိန်းနဲ့ ဖန်တီးချက်တွေ လုပ်ရတော့မယ့် အနေအထားပါ။ဥပမာ ထူးခြားတဲ့ဖန်တီးချက်တွေ၊ ရေအောက်ကမ္ဘာတွေ ရှိနေမလား၊ ပုဂံဒေသလိုနေရာမျိုးမှာ ဘုရားတွေအပြင် ရှေးဟောင်းခေတ်ပုံစံ စိတ်ခံစားမှုပေးနိုင်မယ့် ရွာတစ်ခု ဖန်တီးထားတာမျိုးတွေ ကိုပြုလုပ်သင့်ပါတယ် ကျွန်မတို့ဆီမှာ အဟောင်းတွေချည်းဘဲ မဟုတ်တော့ဘဲနဲ့ အသစ်ဖန်တီးထားတာတွေ နဲ့အဟောင်းတွေကို ပြန်ပြီးမွမ်းမံထားတဲ့ ပုံစံမျိုးတွေကို အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်တာမျိုး အကြံပြုချင်ပါတယ်။
 
မေး : COVID-19 ကာလမတိုင်ခင် နိုင်ငံခြားခရီးသွားတွေ ဝင်ရောက်ခဲ့တုန်းက ဘယ်လိုအခက်အခဲတွေ အဓိကရှိခဲ့ပါသလဲ။ လက်ရှိမှာရော ဘယ်လိုကင်းလွတ်ခွင့်တွေ ညွှန်ကြားထားမျိုး ရှိပါသလဲ။
 
ဖြေ : အခုလက်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဘက်က ခရီးသွားလုပ်ငန်းလိုင်စင်ကြေးတွေ၊ လိုင်စင်အသစ်လဲလှယ်ကြေး ပေးတာတွေ၊အသင်းဝင်ကြေးတွေကို တစ်နှစ်ကင်းလွတ်ခွင့်ပြုပေးထားတာရှိပါတယ်။ အဲ့လိုမျိုးမဟုတ်ဘဲသုံးနှစ်စာလောက် အခွန်ကင်းလွတ်ခွင့်ပေးတာမျိုးတွေ၊ သက်ဆိုင်ရာ စာရွက်စာတမ်းကြေး ကင်းလွတ်ခွင့် ပေးတာမျိုးတွေ ပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလောကမှာ ခရီးစဉ်တစ်ခုရဲ့ဈေးကြီးနေတာမျိုးက ဝင်ကြေးတွေအရမ်းများတဲ့ အခြေအနေဖြစ်တဲ့အတွက် အခုနိုင်ငံခြားခရီးသွားတွေ ပြန်ခွင့်ပြုတဲ့အခါ ၂၀၂၀ - ၂၀၂၁ ကာလအတွက် ဝင်ကြေးကင်းလွတ်ခွင့်ပုံစံမျိုးနဲ့ ခရီးသွားဆွဲဆောင်တာတွေ ပြုလုပ်ပေးစေချင်ပါတယ်။
 
မေး : အခု လက်ရှိ အစိုးရက COVID-19 Fund ကနေ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အတွက် ချေးငွေထုတ်ပေးခဲ့မှုနဲ့ ပက်သက်ပြီး အမြင်သဘောထားလည်း သိချင်ပါတယ်။
 
ဖြေ : COVID-19 ချေးငွေကို အစိုးရဘက်က ထုတ်ချေးပေးတဲ့အခါ အစိုးရအနေနဲ့ နိုင်ငံရေးအရလည်း ပုံရိပ် ကောင်းသလို ငွေချေးလို့ရသွားတဲ့ လုပ်ငန်းရှင်တစ်ချို့လည်း အဆင်ပြေသွားတာပေါ့။ ဒါပေမယ့် ကျွန်မတို့ အောက်ခြေမှာ မြင်ရတာကတော့ ချေးငွေလျှောက်ထားတဲ့အခါမှာ လက်သင့်ရာကိုခေါ်သွားတာမျိုး၊ ချေးငွေ ချပေးတဲ့အခါမှာလည်း လက်သင့်ရာကိုပေးချင်တဲ့ ပမာဏပေးလိုက်တာမျိုး ဆိုလိုတာက ရွေးချယ်မှုတွေက စနစ်မကျတဲ့ ပုံစံမျိုးဖြစ်နေတာကို တွေ့ရတယ်။ ကျွန်မတို့ ဘဏ်လုပ်ငန်းတွေနဲ့ ဆက်ဆံတဲ့အခါ သိန်းတစ်ထောင်လိုချင်ရင် အတိုးဘယ်လောက်ပေးရမယ်၊ နှစ်ဘယ်လောက် ချပေးမယ်၊ အပေါင်ပစ္စည်းဘာတွေ ပြရမယ်၊ အခွန်ဆောင်ထားတာတွေ ပြရမယ်၊ ချေးငွေကျလာခဲ့ရင် ပမာဏ ဘယ်လောက်ရမယ်၊ ဘယ်အချက်အလက်တွေ လိုရင်အငြင်းခံရမယ် ဒီလိုတိတိကျကျသိရတယ်။ COVIDချေးငွေမှာက လက်သင့်ရာဆိုတဲ့ ပုံစံမျိုးဖြစ်နေ တဲ့အခါကျတော့ ချေးငွေခွင့်ပြုပေးတဲ့ ကော်မတီအနေနဲ့လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍမှာဆိုရင် သူ့အမျိုးအစားအလိုက် အစုအဖွဲ့ခွဲပြီး ချေးငွေပမာဏ သတ်မှတ်ပေးတာမျိုး၊ အချိန်ကာလ သတ်မှတ်ပေးတာမျိုး တွေ ပြုလုပ်ပေးစေချင်ပါတယ်။ မြန်မာ့ခရီးသွားလောကအနေနဲ့လည်း COVIDမတိုင်ခင် အနောက်တံခါးပြဿနာကြောင့် ခရီးသွားကျဆင်းမှုက နှစ်နှစ် လောက်ရှိနေပြီဖြစ်တဲ့အတွက် ချေးငွေကာလကိုလည်း အနည်းဆုံး သုံးနှစ်လောက် သတ်မှတ်ပေးစေချင်ပါတယ်။ အတိုးနှုန်းကတော့ တစ်နှစ်ကိုတစ်ရာခိုင်နှုန်း သတ်မှတ်ချက်ကတော့ လက်ခံနိုင်တဲ့ အနေအထားပါ။ ချေးငွေချပေးတဲ့အခါ ရွေးချယ်မှုပုံစံအနေနဲ့ ဖြစ်စေချင်တာက ခရီးသွား လုပ်ငန်း အပေါ်မှီခိုနေကြတဲ့ လုပ်ငန်းတွေကိုဦးစားပေးစေချင်တယ်။ ဥပမာ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေဆို တော်တော်အခက်အခဲ ဖြစ်နေကြတယ်။ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍမှာဆိုရင် ဧည့်လမ်းညွှန်တွေ၊ မြင်းလှည်းမောင်းသူတွေ၊ လှေမောင်းသူတွေ၊ တုတ်တုတ်ကားမောင်းသူတွေကအစ ဟိုတယ်၊ ခရီးသွား အေဂျင်စီ စတဲ့ခရီးသွားကဏ္ဍအစုံမှာ အစိတ်အပိုင်းလိုက် ပြန်ခွဲပြီးတော့ကဏ္ဍအလိုက် ချေးငွေ သတ်မှတ်ပေးတာမျိုးတွေ ပြုလုပ်ပေးပြီး ချေးငွေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အမှန်တကယ် အကြပ်အတည်းဖြစ်နေတဲ့ အောက်ခြေကို သွားသင့်တယ်လို့ ယူဆပါတယ်။
 
မေး : နောက်ဆုံးအနေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်း နဲ့ ပတ်သက်တဲ့ရှေ့အလားအလာ အပေါ် ဖြည့်စွက်ပြောကြားပေးပါ။
 
ဖြေ : လက်ရှိခရီးသွားကဏ္ဍမှာ ရုန်းကန်နေကြရတဲ့ ညီအကိုမောင်နှမတွေကို ပြောချင်တာက ဒီအခြေအနေဟာ ကြာမြင့်ပါမယ်။အစိုးရရဲ့ဘတ်ဂျတ်ပံ့ပိုးမှု အစီအစဉ်ကလည်း လိုအပ်တဲ့နေရာတွေကို ရောက်ဖို့ အရမ်းခက်ခဲ ပါသေးတယ်။ဒါကြောင့်ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေကြသူတွေအနေနဲ့ ကြံ့ခိုင်ကြဖို့၊ လက်ရှိ မိမိရဲ့လုပ်ငန်း၊ အရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ၂၀၂၀ နှစ် ကုန်လွန်ခါနီး ခရီးသွားလုပ်ငန်းတွေ ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်းပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required