လော့ခ်ဒေါင်းအလွန် တရုတ်ပြည်၌ လေထုညစ်ညမ်းမှု ပြန်လည်မြင့်တက်နေကြောင်း လေ့လာချက်တစ်ခုက ဖော်ပြ

လော့ခ်ဒေါင်းအလွန် တရုတ်ပြည်၌ လေထုညစ်ညမ်းမှု ပြန်လည်မြင့်တက်နေကြောင်း လေ့လာချက်တစ်ခုက ဖော်ပြ

မေ ၁၈

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရန် အစိုးရက တင်းကျပ်သော လော့ခ်ဒေါင်း အစီအမံများ ချမှတ်ခဲ့ပြီး ယခုအခါ ယင်းကာလလွန်မြောက်လာခဲ့ပြီးနောက် နိုင်ငံတွင် လေထုညမ်းညမ်းစေသော ပစ္စည်းတချို့၏ လယ်ဗယ်များသည် ယမန်နှစ် လယ်ဗယ်များ၏ အထက်သို့ ပြန်လည် ရောက်ရှိမြင့်တက်နေခဲ့ပြီ ဖြစ်ကြောင်း မေလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လေထုညစ်ညမ်းမှု ပြန်လည် မြင့်တက်လာမှုက စက်မှုလုပ်ငန်းဆိုင်ရာ လည်ပတ်လုပ်ဆောင်မှုကြောင့် အဓိက သက်ဆိုင်ဖွယ် ရှိကြောင်း သုတေသီများက ပြောသည်။ ထို့ပြင် လများအကြာအထိ ထူးထူးခြားခြား လေထုညစ်ညမ်းမှုလယ်ဗယ်များ ကျဆင်းနေခဲ့ပြီးနောက် ယခုအခါ စီးပွားရေးလှုပ်ရှားဆောင်ရွက်မှု စတင်ရန် တွန်းအားပေးမှုကြောင့် ထုတ်လွှတ်ပစ္စည်းများ မြင့်တက်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

“တရုတ်မှာ ကိုဗစ်-၁၉ အကျပ်အတည်းကနေ ပြန်လည်နာလန်ထူလာခြင်းက လေထုအရည်အသွေး တိုးတက်မှုတွေကို ပြန်လည်ဆုံးရှုံးသွားစေမယ့်အပေါ် ကနဦး သတိပေး လက္ခဏာရပ်တွေ ရှိနေပါတယ်” ဟု ယခု လေ့လာချက်ကို ထုတ်ခဲ့သည့် ဟယ်ဆင်ကီ အခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသော လေ ဆိုင်ရာ သုတေသနစင်တာ (CREA) က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက တရုတ်တွင် လေထုညမ်းညမ်းပစ္စည်းတချို့၏ ပျမ်းမျှလယ်ဗယ်များသည် ၂၀၁၉ အလားတူကာလက လယ်ဗယ်များအောက် သိသိသာသာ ကျဆင်းထားခဲ့သည်။ ယင်းလတွင် လော့ခ်ဒေါင်း အစီအမံများကြောင့် စက်ရုံများ ပိတ်ခဲ့ခြင်း၊ လျှပ်စစ် လိုအပ်ချက်အပေါ် ထိန်းချုပ်နိုင်ခဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုမှုကို လျှော့ချနိုင်ခဲ့ခြင်းတို့ကို မြင်တွေ့ခဲ့ရသည့်အပြင် ပြည်သူအများစုသည်လည်း နေအိမ်တွင်သာ နေထိုင်ခဲ့ကြသည်။

သို့သော် ယင်းနောက်ပိုင်း လေထုညစ်ညမ်းပစ္စည်းတချို့၏ ပျမ်းမျှလယ်ဗယ်များသည် ပြန်တက်လာခဲ့ပြီး မေလ ၈ ရက်တွင် ကုန်ခဲ့သည့် ရက် ၃၀ အတွင်း လယ်ဗယ်များသည် ၂၀၁၉ ခုနှစ် အလားတူကာလနှင့်ယှဉ်ပါက ပိုမို မြင့်မားလာခဲ့ကြောင်း CREA က ပြောသည်။

CREA သည် တရုတ်တွင် ရှိနေသည့် လေထုအရည်အသွေး စောင့်ကြည့်ရေး စခန်း ၁,၅၀၀ မှ ဒေတာအချက်အလက်များအပေါ် အကဲဖြတ်ခွဲခြမ်းထားခဲ့သည်။

ယင်းသည် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာ ဒိုင်အောက်ဆိုဒ်နှင့် အလွန်သေးငယ်သော အမှုန်များ၏ လယ်ဗယ်မြင့်မားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ စက်မှုဆိုင်ရာ လုပ်ငန်းလည်ပတ်မှုတွင် ပြန်တက်လာခြင်းကလည်း အဆိုပါ အလားအလာကို တွန်းအားပေးနေကြောင်း CREA က ပြောသည်။

စက်ရုံ အစုအဝေးများ ရှိနေသည့် ဒေသများတွင် နိုက်ထရိုက် ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပိုမို ကြီးကြီးမားမား မြင့်တက်နေသည်ဟု သိရသည်။ စက်ရုံများ သို့မဟုတ် ဓာတ်အားပေးစက်ရုံများ ထက်စာပါက မော်တော်ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရှိနေသော လူနေသိပ်သည်းသည့် မြို့ပြဧရိယာများတွင် ထုတ်လွှတ်မှုများ ပိုမို သေးငယ်စွာ မြင့်တက်နေသည်ကို ပြသနေခဲ့သည်။

လများကြာ လော့ခ်ဒေါင်း ချမှတ်ပြီးနောက် တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ခြင်းနှင့်အတူ ယင်း၏ စီးပွားရေးကို ပြန်လည် ဖွင့်လှစ်လျက် ရှိသည်။ သို့သော် နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့တချို့တွင် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ် အစုအဝေးများ ပေါ်ထွက်နေခဲ့ပြီးနောက် လော့ခ်ဒေါင်းအစီအမံများ ပြန်လည် ချမှတ်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly