ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး သြစတြေးလျနှင့် အီးယူ၏ ပူးတွဲ တွန်းအားပေးမှုကို နိုင်ငံပေါင်း ၆၂ နိုင်ငံ ထောက်ခံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး သြစတြေးလျနှင့် အီးယူ၏ ပူးတွဲ တွန်းအားပေးမှုကို နိုင်ငံပေါင်း ၆၂ နိုင်ငံ ထောက်ခံ

မေ ၁၈

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေးအတွက် သြစတြေးလျနှင့် ဥရောပသမဂ္ဂ၏ ပူးတွဲ တိုက်တွန်းမှုကို နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့တစ်ခုက ထောက်ခံလိုက်ကြောင်း သိရသည်။

ယင်းသည် မေလ ၁၈ ရက်တွင် ဂျီနီဗာ၌ အရေးကြီးသော ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) အစည်းအဝေးတစ်ခု မတိုင်မီ ယင်းသို့ ထောက်ခံလိုက်ခြင်း ဖြစ်သည်။

သြစတြေးလျနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မည်သို့မည်ပုံ စဖြစ်ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် ပထမဆုံး တောင်းဆိုသည့် ပထမဆုံး နိုင်ငံဖြစ်သည်။

ယင်း တောင်းဆိုမှုအပေါ် ပေကျင်းအစိုးရဘက်က ဒေါသတကြီး ပြစ်တင်ထားခဲ့ပြီး သြစတြေးလျသည် တရုတ်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော် သြစတြေးလျ၏ စိတ်ကူးကို နိုင်ငံတကာ၏ ထောက်ခံမှုက တဖြည်းဖြည်းချင်း ကြီးထွားလာနေခဲ့သည်။

မစ္စတာ မော်ရင်ဆင် အစိုးရသည် ယင်း၏ သံတမန်ရေးရာ ပစ်အားတစ်ခုကို ဥရောပသမဂ္ဂနောက်သို့ လွှဲယှမ်းပို့ဆောင်ခဲ့ပြီးနောက် အီးယူအဖွဲ့သည်လည်း စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး ဖိအားပေးလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အီးယူသည် ပေကျင်းနှင့်အကြား ပိုမို ပြေလည်ရာ ပြေလည်ကြောင်း ရစေမည့် သဘောထားတစ်ခုကို ရပ်တည်နေသည်။

WHO  ညှိနှိုင်းချိတ်ဆက်ခဲ့သော COVID-19 ဆိုင်ရာ နိုင်ငံတကာ ကျန်းမာရေး တုန့်ပြန်ဆောင်ရွက်မှုအပေါ် သမာသမတ်ကျသော၊ လွတ်လပ်သော၊ ပြည့်စုံကျယ်ပြန့်သော အကဲဖြတ်ချင့်တွက်မှုတစ်ခု လုပ်ဆောင်ရေး တောင်းဆိုသည့် အီးယူ အဆိုပြုချက် မူကြမ်းတစ်ခုကို ဥရောပနိုင်ငံများနှင့် သြစတြေးလျတို့က ၀ိုင်းဝန်းထောက်ခံခဲ့ကြသည်။

မေလ ၁၇ ရက် ညနေခင်းအထိ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ တူရကီ၊ ရုရှား၊ တောင်အာဖရိကနှင့် ယူကေ တို့အပါအ၀င် နိုင်ငံပေါင်း ၆၂ နိုင်ငံက ယင်း အဆိုပြုချက်ကို ထောက်ခံခဲ့ကြသည်။

အဆိုပြုချက်တွင် တရုတ် သို့မဟုတ် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စတင်ခဲ့သည်ဟု ယုံကြည်ရသော ၀ူဟန်ကို တိတိကျကျ ထည့်သွင်းဖော်ပြမထားပေ။

သို့သော် သိပ္ပံနည်းကျနှင့် ပူးပေါင်းဆောင်ရွက်ရသော ကွင်းဆင်း မစ်ရှင်များ လုပ်ဆောင်ရန် ၊ ဗိုင်းရပ်စ်က တိရစ္ဆာန်ကနေ လူသို့ ကူးစက်မှု ဇာစ်မြစ်နှင့် ကြားခံ လက်ခံကောင်များအပါအ၀င် လူသားအစုအဖွဲ့ကို ဗိုင်းရပ်စ် စသွင်းလာသည့် လမ်းကြောင်းကို ခွဲခြားဖော်ထုတ်နိုင်ရန်အတွက် WHO အနေဖြင့် ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့အစည်းနှင့် လက်တွဲလုပ်ဆောင်သင့်ဟု ယင်းအဆိုပြုချက် မူကြမ်းတွင် ပြောထားသည်။

ယခုအဆင့်တွင် အမေရိကန်ရော တရုတ်ရော ကပါ ယင်း အဆိုပြုချက်ကို ထောက်ခံခြင်း မရှိခဲ့ပေ။ မည်သို့ပင် ဖြစ်စေကာမူ အီးယူနှင့် သြစတြေးလျ သံတမန်များက အဆိုပါ အဓိက နိုင်ငံကြီး နှစ်နိုင်ငံ ထောက်ခံလာရေးအတွက် သိမ်းသွင်းဆွဲဆောင်နိုင်ရန် ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly