ပြုပြင်အစားအစာများ အန္တရာယ်

ပြုပြင်အစားအစာများ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

ပြုပြင်အစားအသောက်တွေဆိုတာဘာလဲ၊ ဘယ်လိုအစားအသောက်တွေကို ပြုပြင်အစားအသောက်တွေလို့ သတ်မှတ်သလဲ၊ ပြုပြင်အစားအသောက်တွေစားရင် ကျန်းမာရေးအပေါ် ဘယ်လိုထိခိုက်လာမလဲဆိုတာ ပြောပြသွားပါ့မယ်။

တကယ်တမ်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့စားသုံးနေတဲ့ အစားအစာ အားလုံးနီးပါးက အလုံးစုံမဟုတ်တောင် နည်းနည်းတော့ ပြုပြင်ထားတာချည်းပါပဲ။ လုံးဝပြုပြင်ထားခြင်းမရှိတဲ့ အစားအစာလိုချင်ရင်တော့ ကိုယ့်အိမ်မှာပဲ စိုက်ပျိုးမွေးမြူပြီး ထုတ်လုပ်မှရတော့မှာပါ။ ဒါပေမဲ့လည်း စားသောက်ဖို့အတွက်နဲ့ လူတိုင်းက ဒီလောက်အချိန်မပေးနိုင်တာကြောင့် ပြုပြင်အစားအသောက်တွေနဲ့ မလွတ်ကင်းနိုင်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

အစားအစာတွေကို ပြုပြင်မှုအဆင့်အမျိုးမျိုးရှိပါတယ်။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ  အစားအစာတွေသန့်ရှင်းရေး လုပ်တာ၊ ကြာရှည်ခံအောင် လေထုနဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ပြုပြင်ယူပြီး ထိန်းသိမ်းတာ၊ စားသုံးဖို့ မသင့်တဲ့အစိတ်အပိုင်းတွေ ဖယ်ပစ်တာ (ဥပမာ ကော်ဖီစေ့ကို မကြိတ်ခင် အပြင်လွှာကိုဖယ်ပစ်တာမျိုး) ၊ ထုတ်လုပ်တဲ့နေရာတစ်ခုကနေ နောက်တစ်ခုကို အကူးအပြောင်းမှာ ကြာရှည်ခံ အောင်အအေးရိုက်ပစ်တာ၊ အချဉ်ဖောက်တာ၊ လေလုံမယ့်အိတ်နဲ့ ထည့်သွင်းထုတ်ပိုးပစ်တာ စတာတွေအကုန်လုံးက အစားအစာပြုပြင်တဲ့ အဆင့်တွေချည်းပါပဲ။

အစားအစာထုတ်လုပ်မှုအဆင့်တိုင်းမှာ ပြုပြင်မှုနည်းလေလေ အာဟာရဓာတ်ပါဝင်မှုများလေပါပဲ။ ဂျုံမှုန့်၊ ပါစတာ လိုအစားအစာတွေက ထုတ်လုပ်ရာမှာသိပ်ပြီး ပြုပြင်ခြင်းမရှိတာမို့ အာဟာရဓာတ်ပိုပါဝင်ပါတယ်။

ဒါပေမဲ့ အစားအစာထုတ်လုပ်ရာမှာ အရသာရှိဖို့ပိုဦးစားပေးလိုက်ရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မှု နည်းပါးသွားမှာပါ။ စားလို့ကောင်းအောင် သကြား၊ ဆား၊ အဆီနဲ့ တခြားအရသာမှုန့်တွေ ပိုထည့်ပြီး ထုတ်လုပ်တာနဲ့ ပြုပြင်အစားအစာဖြစ်သွားပါပြီ။ ကြာရှည်အထားခံတဲ့ စည်သွပ်ဗူးတွေမှာ ဆားနဲ့သကြားတွေ ပုံမှန်ထက်ပိုပါဝင်တာကြောင့် မကြာခဏစားသုံးဖို့မသင့်ပါဘူး။ လတ်လတ်ဆက်ဆက်ဖုတ်ထားတဲ့ ပေါင်မုန့်၊ကိတ်မုန့်တွေ၊ ချိစ်တွေ၊ ငါးသေတ္တာဗူးတွေလည်း ပြုပြင်အစားအစာ စာရင်းထဲပါဝင်ပါတယ်။

ပြုပြင်အစားအစာတွေအပြင် အထူးပြုပြင်အစားအစာတွေလည်းရှိပါတယ်။ အပေါ်က ပြုပြင်အစားအစာတွေမှာ မူလအစားအစာတစ်မျိုးအပြင် နောက်ထပ် ၂မျိုး၊ ၃မျိုးလောက်ပဲ ထည့်သွင်းပြုလုပ်ထားတာဖြစ်ပြီး အထူးပြုပြင် အစားအစာတွေကတော့ အဲ့ဒီထက်ပိုများများပါဝင်ပါတယ်။ အနံ့၊ အရသာပိုကောင်းအောင် artificial color & flavor တွေထည့်သွင်းတာ၊ ကြာရှည်ခံဆေးတွေထည့်ပြီးထုတ်လုပ်တာ၊ မုန့်ကိုမြင်တာနဲ့ စားချင်သဖွယ်ဖြစ်အောင် ပြုလုပ်တာတွေ အားလုံးက အထူးပြုပြင်တဲ့အဆင့်တွေဖြစ်ပါတယ်။

ဆိုဒါအချိုရည်တွေ၊ နှစ်နဲ့ချီအသိမ်းခံတဲ့ အသင့်စားအသားကြိတ်ဗူးတွေ၊ မနက်စာ အစားထိုးစားသုံးလာကြတဲ့ စီရီရယ်တွေ၊ အာလူးကြော်တွေ၊ ကွတ်ကီးတွေ၊ အေးခဲအသားတွေ အကုန်လုံးက အထူးပြုပြင်အစားအစာ အုပ်စုထဲပါဝင်နေပါတယ်။

ပြုပြင်ထားတဲ့ အစားအစာတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပုံတွေကို သုတေသနအတော်များ များက သက်သေပြထားပြီးသားပါ။ ဒီလိုအစားအစာတွေစားသုံးရင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ စတဲ့ နာတာရှည်ရောဂါအခြေအနေတွေ ဖြစ်နိုင်ချေ တအားမြင့်တက်လာပါတယ်။ သိပ်မကြာသေးခင်က ပြုလုပ်ခဲ့တဲ့သုတေသနတချို့ကတော့ ပြုပြင်အစားအစာတွေစားသုံးမှုက ကင်ဆာရောဂါ ဖြစ်ပွားမှုကိုပါ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ ဘယ်အစားအစာမျိုးတွေစားရင် ဘယ်လိုကင်ဆာရောဂါ တွေ ပိုဖြစ်စေသလဲဆိုတဲ့အချက်ကိုတော့ လေ့လာနေဆဲပါ။

အစားအစာတိုင်းမှာ သူ့ကိုယ်ပိုင်တည်ဆောက်ပုံရှိပါတယ်။ အစားအစာကို နည်းနည်းလောက်ပြုပြင်လိုက်ရင် တောင် ဒီတည်ဆောက်ပုံပျက်ယွင်းသွားပြီး စားသုံးလိုက်ရင်ရရှိမယ့် နဂိုအာဟာရဓာတ်တွေ လျော့နည်းသွားတာ၊ ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်။ နောက်ပြီး တချို့ပြုပြင်အစားအစာတွေက ကြေညာထားသလို အာဟာရ ဓာတ်တွေပါဝင်ရဲ့သလားဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။ ပြုပြင်အစားအစာတွေမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်တွေက သဘာဝအတိုင်းရတဲ့ဓာတ်တွေမဟုတ်ဘဲ ထုတ်လုပ်မှုအဆင့်မှာပြုပြင် ယူထားတဲ့ဓာတ်တွေဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် တကယ်အကျိုးရှိစေရဲ့လားဆိုတာလည်း အခုချိန်ထိ လေ့လာနေဆဲကိစ္စဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required