တရုတ်နိုင်ငံသားများထံမှ သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ ဖမ်းဆီးရမိ

တရုတ်နိုင်ငံသားများထံမှ သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ ဖမ်းဆီးရမိ
ပုံ- တပ်မတော်က ဖမ်းဆီးရမိထားသည့် ကျပ်သိန်းပေါင်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ(ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊မေ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အတွင်း တရားမဝင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသားများထံမှ ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အပါအဝင် လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရ မိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အတွင်း လုံခြုံ ရေး ဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်၊ မစ/ ၃၉၂ ရှိ လင်းထက်ဦး ပိုင်ဆိုင် သော ဝင့်နင်ကုမ္ပဏီအဖွဲ့၊ တာ့ဇောက်တိကော်၊ ဖျော်ဖြေရေးစင်တာအား မေလ ၁၅ ရက် နံနက် တစ်နာရီခန့်က ဝင်ရောက် ရှာဖွေရာ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား လောင်ဟွာ(ဘ) ခွမ်းဟူးတာ အပါအဝင် တရုတ်နိုင်ငံသား ၁၀ ဦးနှင့် အတူ လက်တော့များ၊ တရုတ်အထိုင် ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် မေလ ၁၅ ရက် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါရပ်ကွက်ရှိ လုကျိန်လုံ ပိုင်ဆိုင်သည့် ယွိလုံဆောင်နား အပန်းဖြေ SPA နေရာအား ဝင်ရောက်ရှာဖွေရာ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ကျန်စိမ်း(ဘ) ကျန်းယွင်ခမ်းနှင့် တရုတ်နိုင်ငံသူ နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့“အလားတူပင် ည ၁၂ နာရီခွဲခန့်တွင် ထိုရပ်ကွက်ရှိ ချိန်မှုန် ပိုင်ဆိုင်သော နေအိမ် အား ဝင်ရောက်ရှာဖွေရာ ချိန်မှုန် အပါ အဝင် အမျိုးသား လေးဦးကို သေနတ် တစ်လက်၊ ကျည် ၁၀ တောင့်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ပစ္စတို တစ်လက်၊ ကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခု တို့ကို ဖမ်းဆီးရမိခဲ့သည်”ဟု ထုတ်ပြန်ချက်မှာ ပြော ထားသည်။

ထို့ပြင် မေလ ၁၆ ရက် နံနက် တစ်နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် လီတိချန်း ပိုင်ဆိုင်သော နေအိမ်အား ဝင် ရောက်ရှာဖွေရာ တရားမဝင်နေထိုင်သည့် ရန်ဟော်ယုံ အပါအဝင် တရုတ်နိုင်ငံသား သုံးဦးကို  အမ်-၂၂ ခေါက်ဒင် နှစ် လက်၊ ကျည်အိမ် နှစ်ခု၊ အမ်-၂၁ သစ်သားဒင် တစ်လက်၊ အမ်-၁၆ တစ်လက်၊ ကျည်အိမ် တစ်ခု၊ လူကာပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ICE  ၂၅ ကီလို၊ ဘိန်းဖြူ ဆပ်ပြာခွက် ၇.၇ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၃၀ ကီလိုနှင့် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယခု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖမ်းဆီးရမိခဲ့သော တရုတ်နိုင်ငံသားများသည် တရားမဝင် နေထိုင်သူ များဖြစ်ပြီး စုစုပေါင်း ၂၀ ဦး ဖြစ်ကြောင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်သူ တရုတ်လူမျိုးများ အများအပြားနေထိုင် လျက်ရှိသော ရပ်ကွက်ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးသူရိန်က မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိမှု သတင်းမှာ မှန်ကန်ကြောင်း  ပြောသည်။

ဦးသူရိန်က “ မိတယ်ဆိုတာကတော့ တပ်ရယ်၊ ရဲရယ်၊ ပူးပေါင်းအဖွဲ့တွေက နေ့စဉ်နီးပါး လုံခြုံရေးနှင့် ပတ်သက်ပြီး နယ်မြေ ရှင်းလင်း နေတာရှိတယ်။ သေနတ်မိတာရှိတယ်၊ မူးယစ်ဆေးဝါး မိတာရှိတယ်၊ အဲဒီလောက်ပဲ ပြောလို့ရမယ်။ သေချာတာ က လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ မိတာရှိတယ်။ လက်နက်က နှစ်ကြိမ်မိထားတယ်” ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့်  ဖမ်းဆီးရရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအပေါ် မေးမြန်းရန် မဇ္ဈိမက မူဆယ်မြို့မ ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အတွင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာအနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ ငွေကျပ် ၁၆ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များကို တပ်မတော်က ဖော်ထုတ် သိမ်းဆည်းရ မိမှုများ ရှိခဲ့ဖူးသည်။

အလားတူ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အတွင်းတုန်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ဝန်းကျင်၌ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေး ဝါးနှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ တရားမဝင် လက်နက်၊ ခဲယမ်းများအား လည်းကောင်း တပ်မတော်က ဖော်ထုတ်ဖမ်းဆီး ရမိမှုများ လည်းရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly