ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ်များ တွေ့ရှိခဲ့ပြီးနောက် တရုတ် အရှေ့မြောက်ပိုင်းတွင် ကျေးရွာပေါင်း ရာနှင့်ချီ၍ လော့ခ်ဒေါင်းချခံထားရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ်များ တွေ့ရှိခဲ့ပြီးနောက် တရုတ် အရှေ့မြောက်ပိုင်းတွင် ကျေးရွာပေါင်း ရာနှင့်ချီ၍ လော့ခ်ဒေါင်းချခံထားရ

မေ ၁၇

အစုအဝေးပုံစံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ်များကို တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင် ပြည်နယ်ရှိ  ကျေးရွာပေါင်း ရာနှင့်ချီတို့ကို လော့ခ်ဒေါင်း ချမှတ်ထားရကြောင်း ဒေသ အစိုးရ တာဝန် ရှိသူများက မေလ ၁၆ ရက်တွင် ပြောသည်။

ယင်းပြည်နယ်၏ အလယ်ပိုင်းတွင် ရှိနေသော မြို့ငယ်တစ်မြို့ဖြစ်သည့် စူးလန်မြို့တွင် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ တွေ့ရှိခဲ့ပြီးနောက် လူနေ အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို quarantine (သီးခြား စောင့်ကြည့်မှု) ချမှတ်ဆောင်ရွက်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေး အလို့ငှာ ကျေးရွာပေါင်း ၁,၂၀၅ ရွာနှင့် ယင်းတို့၏ အနီးအနား ဧရိယာများဆီသို့ သယ်ယူပို့ဆောင်မှု အများစုလည်း ရပ်တန့်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်း ပြောကြားသည်။

ဗိုင်းရပ်စ် ကူးစက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက မြို့တွင်း၌ ကြိုတင်ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း အစီအမံများ အားလုံးကို တင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ထားကြောင်း၊ ဗဟိုအစိုးရ၏ ဆုံးဖြတ် ချက်ချမှတ်မှု၊ ပြည်နယ်များနှင့် မြို့များနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များနှင့်အညီ ဖော်ဆောင်ထားကြောင်း စူးလန်မြို့တော်ဝန် ကျင်းဟွာက မေလ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

မေလ ၇ ရက်မတိုင်မီက မြို့တွင်း၌ နေထိုင်သူအချင်းချင်း ကူးစက်မှုဖြစ်စဉ်များ မရှိခဲ့ကြောင်း၊ ဖြစ်နိုင်ခြေတစ်ခုက ရုရှား ကဲ့သို့ ပြည်ပနိုင်ငံများတွင် သွားရောက်နေထိုင်သော စူးလန် မြို့သူမြို့သားတချို့သည် ယင်းရောဂါပိုးကို သယ်ဆောင်လျက် အိမ်ပြန်လာကြခြင်း ဖြစ်နိုင်ကြောင်း သူမက ပြောသွားခဲ့သည်။

မေလ ၁၅ ရက်အထိ စူးလန်မြို့၌ ပြည်တွင်းအတည်ပြု ကူးစက်မှုဖြစ်စဉ်ပေါင်း ၁၆ ခုအထိ ရှိနေခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။

ကျီလင်ပြည်နယ်တစ်ခုလုံးတွင်မူ ပြည်တွင်းနေထိုင်သူအချင်းချင်း ကူးစက်မှုဖြစ်စဉ်ပေါင်း ၁၂၁ ခုနှင့် ပြည်ပကနေ ပြည်တွင်းသို့ ဝင်ရောက်လာသူများတွင် ကူးစက်ခံထားရမှုဖြစ်စဉ် ၁၉ ခု ရှိကြောင်း ဒေသ ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ယင်းဧရိယာကို ကူးစက်နိုင်ခြေ မြင့်မားသည့် ဧရိယာအဖြစ် ယခုအပတ်အစောပိုင်းက သတ်မှတ်ခဲ့သည်။

စူးလန်မြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူများနှင့် ထိတွေ့ပတ်သက်ထားခဲ့သူ ၄၅၃ ဦးခန့်ကိုလည်း သီးခြားခွဲထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုဖြင့် ထားရှိကြောင်း မြို့တော်ဝန်က ပြောသည်။

အလားတူ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့တွင် ဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ဦးဆောင်ခဲ့သူဖြစ်သည့် အဆင့်မြင့် တရုတ်အရာရှိ ဆွန် ချွန်လန်လည်း ပြီးခဲ့သည့် မေလ ၁၃ ရက်က ကျီလင်ပြည်နယ်သို့ အားချင်း ရောက်လာခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို လမ်းညွန်ပေးနေကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဗိုင်းရပ်စ်အတွက် နျူကလစ် အက်ဆစ် စစ်ဆေးမှုကိုလည်း စူးလန်မြို့တစ်မြိ့လုံးတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူနေရပ်ကွက်များတွင် နေထိုင်သူများနှင့် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များ တွေ့ရှိထားခဲ့သည့် အဓိက အများပြည်သူဆိုင်ရာ နေရာများကို အထူးဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ကျင်း က ပြောသည်။ မေလ ၁၅ ရက်အထိ စမ်းသပ်မှုပေါင်း ၁၉,၂၂၈ ခု လုပ်ထားပြီးကြောင်း သူမက ပြောသည်။

ထို့ပြင် အပူချိန် တိုင်းတာခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စိတ်ဓာတ်ရေးရာဆွေးနွေးလမ်းညွန်မှုများကို ကူညီလုပ်ဆောင်မည့် လူငယ် စေတနာ့ဝန်ထမ်း ၃၀၀ ကျော်လည်း စူးလန်မြို့တွင် စုစည်းထားကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်သည်  တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု မရှိသည့် တစ်လ ပြည့်မြောက်သွားခဲ့သည့် နေ့ ဖြစ်ခဲ့သည်။ သို့သော် ဖြစ်နိုင်ဖွယ် ဗိုင်းရပ်စ်ကူးစက်မှု နေရာဧရိယာသစ်များကို ကျန်းမာရေး တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်နေသည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူစက်မှု ဗဟိုချက် ဝူဟန်တွင်လည်း မြို့နေပြည်သူ ၁၁ သန်းစလုံးကို ဗိုင်းရပ်စ် ရှိမရှိစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

တရုတ်အနေဖြင့် ဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် ခြေရာကောက် စုံစမ်းခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်ခြင်းအားဖြင့် ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည် ဖြစ်ပေါ်လာမှုကို ကာကွယ်သွားရမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဆုန် စူးလီက ယခုအပတ်အတွင်း သတင်းထောက်များကို ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required