အစောပိုင်းကာလမှာ ကိုရိုနာဗိုင်းရပ်စ် နမူနာများကို ဖျက်ဆီးခဲ့ဟု တရုတ် ဝန်ခံ

အစောပိုင်းကာလမှာ ကိုရိုနာဗိုင်းရပ်စ် နမူနာများကို ဖျက်ဆီးခဲ့ဟု တရုတ် ဝန်ခံ

မေ ၁၇

COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု၏ ကနဦးအစပိုင်းကာလတွင် ကိုရိုနာဗိုင်းရပ်စ်သစ်၏ နမူနာတချို့ကို ဖျက်ဆီးပစ်ခဲ့ကြောင်း တရုတ်က ဝန်ခံသွားခဲ့သည်။ သို့သော် ယင်းသို့ ဖျက်ဆီးခြင်းသည် ရောဂါဖြစ်ပွားမှုအတိုင်း အတာကို ဖုံးကွယ်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် လုပ်ဆောင်ခဲ့သည်ဆိုသော အမေရိကန်၏ စွပ်စွဲပြောဆိုမှုများကို တရုတ်က စောဒကတက် ငြင်းခုံသွားခဲ့သည်။

COVID-19 ကဲ့သို့ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားသော ရောဂါများကို ထိန်းသိမ်းကိုင်တွယ်လုပ်ဆောင်ရန် စံနှုန်းသတ်မှတ်ချက် မပြည့်မီသော အဖွဲ့အစည်းနေရာတချို့တွင် ကိုရိုနာဗိုင်းရပ်စ် နမူနာများကို ရှင်းထုတ်ပစ်ရန် တရုတ်အစိုးရက ဇန်နဝါရီ ၃ ရက်တွင် အမိန့်တစ်ရပ် ထုတ်ခဲ့ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်၏ သိပ္ပံနှင့် ပညာရေးဆိုင်ရာ ဌာန၏ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သည့် Liu Dengfeng က မေလ ၁၅ ရက် ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။ အမည်မဖော်နိုင်သော ရောဂါဖြစ်ပွားစေသည့်ပစ္စည်း (pathogen) များကြောင့် ဖြစ်ပေါ်သည့် ဆင့်ပွား ဘေးဒုက္ခဆိုးများကို ကာကွယ်နိုင်ရန်နှင့် ဓာတ်ခွဲ ခန်းတွင်း ဇီဝလုံခြုံမှုဆိုင်ရာ အန္တရာယ်များကနေ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်သော လုပ်ဆောင်ချက်တစ်ခုအနေဖြင့် တရုတ်အစိုးရက ညွန်ကြားချက်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု Liu က ပြောသည်။

သုတေသနနှင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်များအပေါ် အခြေခံပြီး SARS-CoV-2 ဟု ယခု တရားဝင် သိရှိထားသော ကိုရိုနာဗိုင်းရပ်စ်သစ်ကို Class ll သို့မဟုတ် “အလွန် ကူးစက်မှုနှုန်းမြင့်မားသော ရောဂါဖြစ်ပွားစေ သည့် ပစ္စည်း” အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အဆိုပါ လုပ်ဆောင်ချက် ဖြစ်ပေါ်ခဲ့ကြောင်း Liu က ပြောသည်။ ဖြစ်နိုင်ခြေအလားအလာရှိ မတော်တဆ ကံမကောင်းသည့်ကိစ္စရပ် သို့မဟုတ် ပေါက်ကြားယိုစိမ့်မှု တစ်ခုကို ရှောင်ရှားနိုင်ရန်အလို့ငှာ ရောဂါဖြစ်စေသည့် ပစ္စည်းကို စုဆောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စမ်းသပ်လေ့လာ အသုံးပြုခြင်းနှင့် ဖျက်ဆီးခြင်း တို့နှင့်ပတ်သက်သည့် ရှင်းလင်းပြတ်သားသော သတ်မှတ်ချက်များ ရှိရန်လိုအပ်ကြောင်း ယခု ဆုံးဖြတ်ချက်က ရည်ညွန်းခဲ့သည်ဟု ၎င်းက ပြောသည်။

တရုတ်၏ ဇန်နဝါရီ ၃ အမိန့်ညွန်ကြားချက်က COVID-19 ရောဂါဖြစ်ပွားမှု၏ အတိုင်းအတာကို ဖုံးဖိရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြီးခဲ့သည့်လက ပြောဆိုခဲ့သည်။ ထို့ပြင် တရုတ်တို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သည့် သုတေသနများကို စိစစ်ဖြတ်တောက်ပြီး COVID-19 ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာ အားထုတ်ဆောင်ရွက်မှုများအပေါ် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားခဲ့ကြောင်း မိုက် ပွန်ပဲယိုးက စွပ်စွဲခဲ့သည်။

“တရုတ် ကွန်မြူနစ် ပါတီက ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ နောက်ပြီး ဒါ ဘယ်နေရာကနေ စဖြစ်ခဲ့တယ်၊ ဘယ်လို စဖြစ်ခဲ့တယ်၊ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီ ဘယ်လိုဘယ်ပုံ ကူးစက် နေခဲ့တယ် စတာတွေကို ဖုံးဖိချုပ်ထိန်းဖို့ ကြိုးစားခဲ့ပါတယ်၊ အမှန်တကယ်လဲ အဲဒီ ဇာတ်ကြောင်းကို ပံ့ပိုးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုပါ အသုံးချခဲ့ပါတယ်” ဟု ပွန်ပဲယိုးက ခရစ်ယာန်ရေဒီယိုပရိုဂရမ် Focus on the Family ကို ပြောသွားခဲ့သည်။

တစ်ဘက်တွင်လည်း ပေကျင်းအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ Liu က ကာကွယ်ပြောဆိုသွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် နမူနာများကို ကိုင်တွယ်ဆောင်ရွက်ရန် စံသတ်မှတ်ချက်မပြည့်မီသော အဖွဲ့အစည်းများ အနေဖြင့် ယင်းနမူနာများကို ဘေးကင်းစွာ ထိန်းသိမ်းနိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီသော သိုလှောင်ထားရှိရာ နေရာတစ်ခုသို့ လွှဲပြောင်းပေးရမည် သို့မဟုတ် ယင်းတို့ကို ဖျက်ဆီးပစ်ရမည် ဆိုပြီး တရုတ်နိုင်ငံ၏ အများပြည်သူကျန်းမာရေးဆိုင်ရာ ဥပဒေများတွင် ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားကြောင်း Liu က မေလ ၁၅ ရက်တွင် ပြောသည်။

အမေရိကန် တာဝန်ရှိသူများ၏ မှတ်ချက်စကားများက လုံးလုံးလျားလျား မှန်ကန်ခြင်းမရှိဘဲ နားထောင်သူပရိသတ်ကို တမင် စိတ်ရှုပ်ထွေးစေခဲ့ကြောင်း Liu က မေလ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

အမေရိကန် စစ်ထောက်လှမ်းရေးအေဂျင်စီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ၏ မူလဇာစ်မြစ်များနှင့်ပတ်သက်၍ ယင်း၏ အကဲဖြတ်ချက်ကို မတ်လ ၂၇ ရက်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းသည် ဝူဟန် ရောဂါပိုး မွှားဗေဒဌာနတွင် ဓာတ်ခွဲခန်းဆိုင်ရာ မတော်တဆမှုတစ်ခုကနေ စတင်ပေါ်ပေါက်ခဲ့သည် ဆိုသည့် ဖြစ်နိုင်ခြေ တစ်ခု နှင့် ယင်းသည် တိရစ္ဆာန်ကနေ လူကို ကူးစက်ခြင်းကနေတဆင့် သဘာဝအတိုင်း ပေါ်ပေါက်ခဲ့သည် ဆိုသော အစောပိုင်း သီအိုရီတို့ကို ထည့်သွင်းခဲ့ကြောင်း Newsweek က ယမန်လက ဖော်ပြခဲ့သည်။ သို့သော် ယခု အယူအဆသစ်ကို ထောက်ခံရန် အထောက်အထားများ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကို မှေးမှိန်စေရန် WHO အပေါ် ပေကျင်းအစိုးရဘက်က ဖိအားပေးခဲ့သည်ဟု ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်နေခဲ့ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိနှစ်ဦး အတည်ပြုခဲ့သည့် CIA အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး Newsweek က ဖော်ပြခဲ့သည်။  အဆိုပါ အချိန်ကာလက တရုတ်၏ ဗိုင်းရပ်စ် ကာကွယ်ရေး အားထုတ်မှုများကို WHO က ချီးကျူးခဲ့သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ချီးကျူးခဲ့သည်။

သို့သော် လက်ရှိ COVID-19 ဟု သိကြသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ဝူဟန်ကနေ ကမ္ဘာတဝန်း ပျံ့နှံ့ကူးစက်ခဲ့ပြီးနောက်ပိုင်း ယခုအခါ ယင်းသည် ဝါရှင်တန်နှင့် ပေကျင်းအကြား ပထဝီနိုင်ငံရေးဆိုင်ရာ ရန်စ တစ်ခု၏ အဓိက အကြောင်းကိစ္စရပ် ဖြစ်လာနေခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly