ဗာဒံစေ့က ပေးတဲ့ ကျန်းမာရေး

ဗာဒံစေ့က ပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

ငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တူတွေ၊ အုတ်ခဲတွေသုံးလို့ ထုပြီး အထဲကအဆန်ကို အရသာရှိရှိစားခဲ့ဖူးတယ်ဟုတ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ ဗာဒံသီးက အရည်တွေစဉ်ရင် အဝတ်အစားတွေ ပေမှာစိုးလို့ဆိုပြီး စိုးရိမ်လိုက်ရတာလည်း အမောနော်။ ကလေးတုန်းက အပျင်းလည်းပြေ စားလို့ကောင်းလို့ဆိုပြီး စားခဲ့တဲ့ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပါတယ်။

ဗာဒံစေ့

ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး 

ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးက

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ဗာဒံစေံမျာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့  linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု fatty acid တွေပါဝင်နေတာကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ Fatty acid က သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ဆံသား နဲ့ အသားအရေကို ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်လေဒီတွေ အတွက်သင့်တော်တယ်

ဗာဒံစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ်အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။

ဝိတ်ကျ စေနိုင်တယ်

ဗာဒံစေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။

အရိုး ကျန်းမာစေနိုင်တယ်

ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။  Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

လေ့လာမှုတွေအရ ဗာဒံစေ့မှာ ဇင့် နဲ့ မဂ္ဂနိ့တို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့  ဓာတ်တွေပါဝင်နေပါတယ်။ ကျန်းမာချင်သူတိုင်း စားပေးသင့်ပါတယ်။

ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေတယ်

ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ဗာဒံစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဗာဒံစေ့စားပြီပြီးချင်း ရေသောက်ချလိုက်မယ်ဆိုရင် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်မှာပါ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် တစ်နေ့ကို ဗာဒံစေ့ ၄ စေ့ကနေ ၅စေ့လောက်အထိ စားပေးပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ဗာဒံစေ့မှာ ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာပါဝင်နေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမှုက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေနိုင်သလို သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

ဗာဒံစေ့က အင်ဆူလင်ထွက်ရှိမှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုးမဖြစ်အောင် မဖြစ်အောင် အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေဖို့ စားပေးသင့်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ဗာဒံစေ့မှာ monounsaturated fat၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေအပြင် ဗာဒံစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝမှုက သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။  ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် ဗာဒံစေ့ပုံမှန်စားပေးသင့်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

ဗာဒံစေံပုံမှန်စားသုံးပေးတာက အစာခြေစနစ်ကိုကျန်းမာစေပြီး ဝမ်းမှန်စေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လေဒီတော်တော်များများမှာ ခံစားရတဲ့ ရင်သားကင်ဆာမဖြစ်စေဖို့အတွက် စားသုံးလို့ရပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗာဒံစေ့က ကင်ဆာရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required