ကိုအောင်မိုးမြင့်နာရေး- သတင်းနှင့် မီဒီယာကွန်ရက် CEO ကွယ်လွန်

ကိုအောင်မိုးမြင့်နာရေး- သတင်းနှင့် မီဒီယာကွန်ရက် CEO ကွယ်လွန်

မေ ၁၆

ငြိမ်းချမ်းရေးသတင်းများကို တစိုက်မတ်မတ်ရေးသားခဲ့သော ဂျာနယ်လစ် ဦးအောင်မိုးမြင့် အသက် ၄၉ နှစ်သည် ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်ဆေးရုံတွင် ယနေ့နံနက်က ကွယ်လွန်သွားခဲ့သော်လည်း သူ၏လုပ်ဆောင်ချက်များက အမှတ်တရ ကျန်ရစ်ခဲ့ပါသည်။

၂၀၀၁ ခုနှစ်မှသည် ကွယ်လွန်ချိန်အထိ သတင်းနှင့် မီဒီယာကွန်ရက် (Network Media Group) တွင် သတင်းထောက်ဘဝမှသည် Central Executive Officer အထိ တာဝန်ယူခဲ့သူဖြစ်သည်။  NMG အနေဖြင့် ငြိမ်းချမ်းရေးသတင်းများ၊ နယ်စပ်ဒေသသတင်းများ၊ စစ်သတင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရွှေ့ပြောင်းလုပ်သားများနှင့် သက်ဆိုင်သော သတင်းများ ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် တိုင်းရင်းသား မီဒီယာများကို အခြေခံဖွဲ့စည်းထားသော Burma News International (BNI) ၏ စီးပွားရေးနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ထို့အပြင် သူသည် Radio Free Asia (RFA) မြန်မာပိုင်းအစီအစဉ်အတွက်လည်း သတင်းပေးပို့နေသူတစ်ဦးဖြစ်သည်။  

တောင်ငူဇာတိဘွား ကိုအောင်မိုးမြင့်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း မြန်မာ-ထိုင်း နယ်စပ်သို့ တောခိုခဲ့သော ကျောင်းသားတစ်ဦးတွင် ပါဝင်ခဲ့ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၏ တပ်ရင်း ၂၀၁ နှင့် ဗဟိုဆက်သွယ်ရေးတပ်ဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် Network for Democracy and Development (NDD) တွင် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။

သတင်းနှင့်မီဒီယာကွန်ရက်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်ကာ ကွယ်လွန်ချိန်အထိ ပရော်ဖက်ရှင်နယ် သတင်းသမားဘဝကို လျှောက်လှမ်းသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်ခဲ့သော်လည်း မြန်မာပြည်တွင်း သတင်းသမားများအကြား  သူ့ကို သိကျွမ်းခင်မင်သူပေါများသည်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ အသံလွှင့်ဇာတ်လမ်းတစ်ခုဖြစ်သော သပြေကုန်းရွာဇာတ်လမ်းတွင်  ကြွက်ဖြူအဖြစ် သရုပ်ဆောင်ခဲ့သလို လက်ထောက်ဒါရိုက်တာလည်း ဖြစ်ခဲ့သည်။။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly