ထိုင်းနိုင်ငံမှာ အချုပ်ကျနေသည့် လွှတ်ရက်စေ့ မြန်မာနိုင်ငံသားများ အနက် ကော့သောင်းမြို့ရှိ Facility Quarantine Center တွင် လက်ခံထားစဉ် (၅) ဦး ထွက်ပြေး

ထိုင်းနိုင်ငံမှာ အချုပ်ကျနေသည့် လွှတ်ရက်စေ့ မြန်မာနိုင်ငံသားများ အနက် ကော့သောင်းမြို့ရှိ Facility Quarantine Center တွင် လက်ခံထားစဉ် (၅) ဦး ထွက်ပြေး
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

ကော့သောင်း၊ မေ (၁၆)

ထိုင်းနိုင်ငံဘက်တွင် အချုပ်ကျ ခံနေရသည့် မြန်မာနိုင်ငံသား (၁၇၈) ဦးကို လွှတ်ရက်စေ့၍ ကော့သောင်းမြို့ရှိ Facility Quarantine Center တွင် လက်ခံထားစဉ် မေလ (၁၆) ရက်နေ့ နံနက်ပိုင်းက (၅) ဦးမှာ ထွက်ပြေး သွားကြောင်း ကော့သောင်းခရိုင်နှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရ သည်။

အဆိုပါ မြန်မာနိုင်ငံသား (၁၇၈) ဦးကို မေလ (၁၅) ရက်နေ့ ထိုင်းနိုင်ငံ အချုပ်မှ ပြန်လည် လွှတ်မြောက်လာသူများ ဖြစ်ကာ မေလ ၁၆ ရက်နေ့မှာ သက်ဆိုင်ရာ မြို့နယ် အသီးသီးကို အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ပေးရန် Facility Quarantine Center တွင် ခေတ္တ ထားရှိရာမှ ဒီကနေ့ နံက်နက် (၂) နာရီ ဝန်းကျင်ခန့်က ထွက်ပြေးခဲ့သည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းထံမှ သိရ သည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက“ဒီကနေ့ မနက်မှာ ကျွန်တော်တို့ မနက်စာ ကြွေးဖို့ အတွက် လူစာရင်း စစ်တဲ့ အခါမှာ (၅) ဦးလျှော့နေတာ တွေ့ရပါတယ်”ဟု ပြောဆို သည်။

အဆိုပါ (၅) ဦးမှာ ကော့သောင်းမြို့ရှိ အ.ထ.က (၂) စာသင်ကျောင်း Facility Quarantine Center မှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

၎င်းတို့မှာ ရခိုင်ပြည်နယ်မှ (၃) ဦး၊ ရန်ကုန်မှ (၁) ဦးနှင့် မြိတ်မြို့မှ (၁) ဦးတို့ စုစုပေါင်း (၅) ဦး ဖြစ်သည်။

လက်ရှိမှာ ထွက်ပြေးနေသူ (၅) ဦးကို ကော့သောင်းမြို့နယ်ရှိ တာဝန်ရှိသူများက လိုက်ရှာဖွေနေပြီး၊ တွေ့ရှိသူများက သက်ဆိုင်ရာသို့ အမြန်ဆုံး ဆက်သွယ် သတင်းပေးပို့ ထုတ်ပြန်းထားပြီး၊ လက်ခံထားသူများကိုလည်း Quarantine ဝင်ရမည်ဟု အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

ထွက်ပြေးသူများကို ဖမ်းဆီးရမိပါက ကူးစက်ရောဂါများ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်ကြောင်း သိရ သည်။

လက်ရှိမှာ မနေ့က လက်ခံထားရှိသူများကို ဒီကနေ့ မေလ (၁၆) ရက်နေ့မှာ တပ်မတော်ယာဉ်များဖြင့် သက်ဆိုင်ရာ မြို့နယ် အသီးသီးသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required