ကိုဗစ်-၁၉ ကာကွယ်ဆေးသည် မျောက်များ၌ ထိရောက်ဟန်ရှိဟု အောက်စ်ဖို့ဒ် သုတေသီများဆို

ကိုဗစ်-၁၉ ကာကွယ်ဆေးသည် မျောက်များ၌ ထိရောက်ဟန်ရှိဟု အောက်စ်ဖို့ဒ် သုတေသီများဆို

မေ ၁၆

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များတီထွင်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးကို မျောက်ခြောက်ကောင်နှင့် စမ်းသပ်ကြည့်ရာ ထိရောက်သော ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်လနှောင်းပိုင်းက လူများတွင် စတင်စမ်းသပ်ကြည့်ခဲ့ကြသည်။  

အခြားသုတေသီများ မသုံးသပ်ရသေးသော ယခု ကနဦးတွေ့ရှိချက်များကို  မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဗြိတိန်လူမျိုးဆေးဝါးထုတ်လုပ်သူ AstraZeneca က အောက်စ်ဖို့ဒ်မှ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့နှင့် Jenner Institute တို့နှင့်အတူ သုတေသီအဖွဲ့ ဖွဲ့ခဲ့ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

အစီရင်ခံစာအရ ကာကွယ်ဆေးထိုးလိုက်သည့် မျောက်အချို့သည် ၁၄ ရက်အတွင်း ဗိုင်းရပ်စ်ကို တုံ့ပြန်သော ခန္ဓာကိုယ်တွင်း ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၂၈ ရက်အတွင်းတွင် မျောက်များအားလုံးက ထုတ်လုပ်ပေးနိုင်ခဲ့သည်။

ကာကွယ်ဆေးသည် အဆုတ်ပျက်စီးခြင်းကို ကာကွယ်ပေးကာ အဆိုပါနေရာ၌ ဗိုင်းရပ်စ်ပွားများခြင်းကိုလည်း ထိန်းသိမ်းထားနိုင်ဟန်ရှိသည်။ သို့သော် ဗိုင်းရပ်စ်သည် နှာခေါင်းအတွင်းတွင် ပွားများနေဆဲဖြစ်သည်။  ၎င်းတွေ့ရှိချက်သည် သတင်းကောင်းတစ်ခုဖြစ်ကြောင်း London School of Hygiene and Tropical Medicine မှ ကူးစက်ရောဂါဆေးဝါးဗေဒပညာရှင် ပါမောက္ခ Stephen Evans  က ပြောခဲ့သည်။

“ဒီကာကွယ်ဆေးထုတ်ရတာ  အခက်အခဲတွေထဲကတစ်ခုပါ။ အခုတော့ အဆင်ပြေသွားပါပြီ” ဟု Evans   ကဆိုသည်။

မျောက်များတွင်စမ်းသပ်ရာ၌အောင်မြင်သော်လည်း ဓာတ်ခွဲခန်းကမျောက်များအတွက်  ထိရောက်သောကာကွယ်ဆေးအတော်များများသည် လူများကိုစမ်းသပ်ရာတွင် နောက်ဆုံး၌ အောင်မြင်မှုမရရှိတတ်ပေ။

ဗိုင်းရပ်စ်ကို ကာကွယ်ပေးရမည့်အစား ကာကွယ်ဆေးကြောင့် ရောဂါပိုဆိုးစေသော ဖြစ်စဉ်သာဓက မတွေ့ရှိရကြောင်း၊ SARS-CoV-2 ကာကွယ်ဆေးအတွက် သီအိုရီပိုင်းဆိုင်ရာ စိုးရိမ်မှုများရှိခဲ့ကြောင်းနှင့် ရောဂါပိုမဆိုးကြောင်း တွေ့ရှိရသည့်အတွက် အားတက်ဖွယ်ဖြစ်သည် ဟု Evan က ပြောသည်။

ပြီးခဲ့သည့်လက ဗြိတိန်သုသေသီများသည်  ကာကွယ်ဆေးစမ်းသပ်ခံသည့် စေတနာ့ဝန်ထမ်းများနှင့် စမ်းသပ်မှုအသေးစားပြုလုပ်ခဲ့ကြပြီး အောင်မြင်မှုအနည်းငယ်သာရရှိခဲ့သည်။ မေ ၁၃ ရက်အထိ လူပေါင်း ၁၀၀၀ ကို ကာကွယ်ဆေးထိုး စမ်းသပ်ထားကြောင်း သုတေသီများက ပြောသည်။

Moderna Inc၊ Pfizer Inc ၊ BioNTech နှင့် တရုတ်မှ CanSino Biologics Inc တို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများဖြင့်လည်း လူများကို စမ်းသပ်ခဲ့ကြသည်။

ယခုအချိန်ထိ ကမ္ဘာတစ်လွှားတွင် လူပေါင်း ၄.၃၉ သန်း ဗိုင်းရပ်စ်ကူးစက်ခံရကာ ၂၉၆ ၈၄၇ ဦး သေဆုံးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်နှင့် စမ်းသပ်နေကြသည်။

လူများကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်ပေးနိုင်သော ကာကွယ်ဆေးက ကပ်ရောဂါကို အဆုံးသတ်နိုင်သော်လည်း လုံလောက်သောပမာဏထုတ်လုပ်နိုင်ရန်မှာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။

ပုံမှန်အားဖြင့် ထိရောက်သောကာကွယ်ဆေးကိုထုတ်လုပ်နိုင်ရန် ၁၀ နှစ်ခန့်အထိ အချိန်ကြာနိုင်သော်လည်း ကပ်ရောဂါတားဆီးနိုင်ရေးအလျင်လိုနေသည့်အတွက်  မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြရပြီး အရေးပေါ်အသုံးပြုရန်အတွက် ထိရောက်သောကာကွယ်ဆေးကို လာမည့် ဆောင်းဦးရာသီတွင် ရရှိနိုင်လိမ့်မည်ဟု တာဝန်ရှိသူအချို့က ခန့်မှန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required