ဂျာမနီ ကဖေးဆိုင်၌ စားသုံးသူများ အကွာအဝေးအကန့်အသတ်ဖြစ်စေရန် ဖော့ချောင်းတပ်ဦးထုပ်များကို အသုံးပြု

ဂျာမနီ ကဖေးဆိုင်၌ စားသုံးသူများ အကွာအဝေးအကန့်အသတ်ဖြစ်စေရန် ဖော့ချောင်းတပ်ဦးထုပ်များကို အသုံးပြု

မေ ၁၆

ဂျာမနီနိုင်ငံ၌ ကန့်သတ်ပိတ်ဆို့မှုများဖြေလျှော့ပြီးနောက် ပြန်လည်ဖွင့်ခဲ့သည့် ကဖေးဆိုင်တစ်ဆိုင်တွင် ဖောက်သည်များ တစ်ဦးနှင့်တစ်ဦး အကွာအအဝေးအကန့်အသတ်ဖြစ်နေစေရန်အတွက် ရေကူးကန်သုံး အထောက်အကူပစ္စည်း ဖော့ချောင်းများ တပ်ဆင်ထားသော ဦးထုပ်များကို ဆောင်းစေကာ ဆိုင်ထိုင်စေခဲ့သည်။

ဂျာမနီဝန်ကြီးချုပ်အန်ဂျလာမာကယ်၏မွေးရပ်ပြည်နယ် Mecklenburg-Western Pomerania ရှိ Schwerin မြို့က Café Rothe ဆိုင်သည် ပြီးခဲ့သည့် စနေနေ့က ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပြီး လူခွါနေရန်အတွက် ကြမ်းပြင်အမှတ်အသားနှင့် မျက်နှာအကာအရံများအစား ဆိုင်ရှင်က ရောင်စုံဖော့နှစ်ချောင်းတပ်ထားသည့် ကောက်ရိုးဦးထုပ်များကို စားသုံးသူများအား ပေးခဲ့သည်။

ဆိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ်ရှိ Jaqueline Rothe က အဆိုပါဦးထုပ်များဆောင်းပြီးဆိုင်၌ထိုင်နေသော ဖောက်သည်များ၏ပုံကို ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် Facebook ပေါ်၌ တင်ခဲ့သည်။  

“နေရောင်အောက်မှာ ကော်ဖီ၊ ကိတ်နဲ့ဘီယာတွေ သုံးဆောင်ဖို့ ဆိုင်ကို ဖောက်သည်တွေအများကြီးလာကြပါတယ်။ ဖောက်သည်တွေ လူချင်းခွါနေစေဖို့ ဒါက အကောင်းဆုံးနည်းလမ်းပါပဲ။ ပျော်စရာလည်းကောင်းပါတယ်။ ဖောက်သည်တွေကလည်း သဘောကျကြတယ်။  အကွာအဝေး ၁.၅ မီတာ (၄.၉ ပေ) ခွာဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ဒီပုံလေးက ပြသနေပါတယ် ။ ဒီဓာတ်ပုံလေးက ကမ္ဘာတစ်ဝှမ်းကလူတွေကို ဖမ်းစားနိုင်ခဲ့တဲ့အတွက် အံ့အားသင့်ရပါတယ်” ဟု Rothe က RTL သတင်းဌာနကို ပြောသည်။ 

အဖျော်ယမကာနှင့်မုန့်မျိုးစုံရောင်းသည့် Café Rothe ဆိုင်တွင် ဆိုင်အတွင်း၌ စားပွဲ ၁၂ လုံးနှင့် အပြင်တွင် စားပွဲ ရှစ်လုံး ခင်းကျင်းထားပြီး တစ်ဝိုင်းနှင့်တစ်ဝိုင်းအကြား ၈၀ စင်တီမီတာ (၂ ပေခွဲခန့်) ခြားထားသည်။ ကန့်သတ်ပိတ်ဆို့စဉ်က ဆိုင်ကိုဖွင့်ထားခဲ့သော်လည်း ဆိုင်အတွင်း၌စားသောက်ရန် ခွင့်မပြုခဲ့ပေ။ ယခုအခါ ဆိုင်အတွင်း ထိုင်ခုံဆံ့ဝင်သည့်နေရာပမာဏ၏ ထက်ဝက်နီးပါးကို အသုံးပြုနေပြီဖြစ်သည်။

“ဂျာမနီမှာ ဖြေလျှော့မှုတွေလုပ်ပြီး လုပ်ငန်းတွေဖွင့်လှစ်လိုက်ရင် လူတွေလည်း ခရီးသွားလာပြီး လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နိုင်ငံခြားသားဧည့်သည်တွေ လာတာကို မြင်ရတော့မှာပါ။ မစိုးရိမ်ရတော့ပါဘူး” ဟု Rothe  ကပြောသည်။

ဂျာမနီသည် ကပ်ရောဂါပထမအဆင့်ကို ကျော်လွှားနိုင်ခဲ့ပြီဟု ဝန်ကြီးချုပ်အန်ဂျလာမာကယ်က ပြောဆိုပြီးနောက် ကန့်သတ်ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးခဲ့သည်။ သို့သော် ပြည်သူများသည် ရုပ်ပိုင်းဆိုင်ရာအကွာအဝေး အကန့်အသတ်နေခြင်းကို ရပ်တန့်လိုက်ပါက ရောဂါကူးစက်မှု တစ်ဖန်ပြန်မြင့်တက်နိုင်သည်ဟု သတိပေးခဲ့သည်။

Johns Hopkins တက္ကသိုလ်၏နောက်ဆုံးထုတ်ပြန်ချက်အရ ဂျာမနီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၁၇၄ ၄၀၀ ဦးနှင့် သေဆုံးသူ ၇ ၈၈၄ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required