ကပ်တဲလ်ရွာ Lockdown ဖြေလျော့၍ တောင်ယာခုတ်စိုက်ပျိုးမှုများပြုလုပ်ပြီ

ကပ်တဲလ်ရွာ Lockdown ဖြေလျော့၍ တောင်ယာခုတ်စိုက်ပျိုးမှုများပြုလုပ်ပြီ

မေ ၁၅

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ကပ်တဲလ်ရွာအားမေလ၁၅ရက်နေ့တွင် နေအိမ်ပြင်ပထွက်ခွင့်ပိတ်ပင်ထားသည့် Lockdownဖြေလျော့၍ တောင်ယာခုတ်စိုက်ပျိုးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ကပ်တဲလ်ရွာအုပ်ချုပ်ရေးမှူး ဦးဒိုဇွာတောင်က ပြောသည်။

“ ကျွန်တော်တို့ဆီတော့ ညွှန်ကြားချက်မလာသေးဘူး။ ရွာထဲမှာတော့ သွားခွင့်ရနေပြီ။ ကိုယ်အိမ်ကအလုပ်နဲ့တောင်ယာအလုပ်တော့ လုပ်ခွင့်ရပြီ။နောက်ပြီးတော့ ခရီးထွက်ခွင့်တော့မပေးသေးဘူး။ တောင်ယာကတော့ စလုပ်နေပါပြီခင်ဗျာ။မနေ့ကမှ စလုပ်တာပါ။” ဟု ၎င်းကပြောသည်။

ကပ်တဲလ်ရွာသည် တောင်ယာစိုက်ပျိုးမှုကို အိမ်တိုင်းနီးပါးလုပ်ကိုင်ကြပြီး အခြားစီးပွားရေးဖြင့် အသက်မွေးမှုသည်အနည်းငယ်သာရှိသော ကျေးရွာတစ်ခုဖြစ်သည်။

“တောင်ယာက အိမ်တိုင်းလိုလိုလုပ်ကြတာ။ မလုပ်တဲ့အိမ်က ၃၀၀န်းကျင်ပဲရှိမယ်။တောင်ယာမှာ ပြောင်းဖူးတို့၊ ပဲတို့စိုက်တယ်ဗျ။” ဟု ဦးဒိုဇွာတောင်ကပြောသည်။

မြန်မာနိုင်ငံတွင်ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာသည် မေလတွင် တောင်ယာခုတ်မှု၊ စိုက်ပျိုးမှုများပြုလုပ်လေ့ရှိပြီး မလုပ်နိုင်ပါက တစ်နှစ်စာရိက္ခာ အခက်အခဲဖြစ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ကပ်တဲလ်ရွာကို ချင်းပြည်နယ်အစိုးရအဖွဲ့က တောင်ယာစိုက်ပျိုးမှုများပြုလုပ်နိုင်စေရန် Lockdown ကို ပြန်လည်ဖြေလျော့ပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က “ကျွန်တော်တို့ ချင်းပြည်နယ်က ကပ်တဲလ်ရွာကို ဒီနေ့မနက် ၄နာရီကနေ စပြီး Lockdown ဖြည်လိုက်ပါတယ်။ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ရွာကလူတွေကျတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာဖို့ သဘောကတစ်ပတ်နှစ်ပတ်အတွင်းမှာ ခရီးဝေးတွေမသွားဖို့ တောင်ယာနဲ့ရွာပဲပြဿနာမရှိတာပဲသွားဖို့ လူစုလူဝေးတွေ၊ ဘုရားပွဲတွေ၊ ဧည့်ခံပွဲတွေမပြုလုပ်ဖို့၊ အဲဒါတွေကို ကျွန်တော်တို့ လမ်းညွှန်ထားပါတယ်။” ဟု ပြောသည်။

ချင်းပြည်နယ်တွင် မိုးရွာသည့် မေလတွင် ပြောင်းဖူးစိုက်ခြင်း၊ ပျိုးကြဲခြင်း၊ ပေါင်းရှင်းခြင်းများပြုလုပ်လေ့ရှိ၍ ယခုချိန်တွင် ပေါင်းရှင်းခြင်းများမပြုလုပ်နိုင်ပါက စိုက်ပျိုးရေးတွင် ဒုက္ခရောက်နိုင်ကြောင်း ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဦးဒိုဇွာတောင်က ပြောသည်။

လူနာအမှတ် ၁ ချင်းအမျိုးသား ဦးတွောင်ဆွင်းခိုင်သည် အမေရိကန်နိုင်ငံမှပြန်လာပြီး ၎င်း၏ဇာတိဖြစ်သော ကပ်တဲလ်ရွာကို မတ်လ၁၈ရက်နေ့တွင်ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံတွင်ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရကြောင်း တွေ့ရှိခဲ့သူဖြစ်သည်။

ကပ်တဲလ်ရွာသည် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် မတ်လ ၂၃ရက်မှ စ၍ မေလ ၁၄ရက်အထိ နှစ်လနီးပါး Lockdown ပြုလုပ်ထားခြင်းခံခဲ့ရသည်။

ချင်းပြည်နယ်တွင် လူနာအမှတ် ၁နှင့် လူနာအမှတ် ၁၅၀တို့သည် COVID-19ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့်ဆေးရုံမှဆင်းခဲ့ကြပြီးဖြစ်သည်။

ကပ်တဲလ်ရွာသည် အိမ်ခြေ ၆၉၄ အိမ်ရှိကာလူဦးရေ ၃၆၁၁ ဦးနေထိုင်ကာ လယ်ဧက ၁၂၀ နီးပါးရှိပြီး မွေးမြူရေးနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်ကြသည်။

အဓိကစိုက်ပျိုးမှုအနေဖြင့် စပါး၊ပြောင်းဖူးနှင့်ပဲများကိုစိုက်ပျိုးကာ တမူးနယ်စပ်မှတစ်ဆင့် အိန္ဒိယသို့အများဆုံး တင်ပို့ကာ လေးပုံတစ်ပုံသာတီးတိန်မြို့သို့ တင်ပို့ကြသည်။အလားတူပင် နွား၊ နွားနောက်နှင့်မြင်း တို့ကို ပစ္စည်းသယ်ယူရေးနှင့် အခြားအသုံးပြုမှုအတွက် အဓိကထားမွေးမြူကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required